ချောင်းဦးမြို့နယ် ဂွေးပင်တော မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ် နဲ့ နတ်ရေကန် ခွေးခြံက ထွက်လာတဲ့ စစ်ကောင်စီ စစ်ကြောင်းကို မုံရွာ – မန္တလေးလမ်းပိုင်းမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ မုံရွာခရိုင် အမှတ် (၁၂) တပ်ရင်း၊တပ်ခွဲ( ၃) လျှပ်စစ်တပ်ခွဲက မနေ့က သတင်းထုတ်ပြန်လာပါတယ်။
ဒီတိုက်ခိုက်မှုကို မနေ့က သြဂုတ်လ ၁ ရက် နေ့ မွန်းလွဲ ၃ နာရီ ၁၄ မိနစ် မှာ တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
ဂွေးပင်တော အထိုင် စခန်းကထွက်လာတဲ့ စစ်ကောင်စီတပ်တွေဟာ Light Truck တစ်စီး၊ ခွေးဘီးလူး တစ်စီး အပြည့် နဲ့ တက်လာတာဖြစ်သလို နတ်ရေကန် အထိုင်စခန်းကလည်း ၆ ဘီးကားတစ်စီးအပြည့် နဲ့ ထွက်လာတာ ဖြစ်တယ်လို့ ဆိုပါတယ်။
အဲဒီနောက်မှာတော့ စစ်ကောင်စီတပ်တွေဟာ ကင်းပတ်တာ၊ မိုင်းရှင်းတာတွေကို လုပ်ဆောင်ခဲ့တဲ့ အတွက် မုံရွာခရိုင် အမှတ် (၁၂) တပ်ရင်း၊တပ်ခွဲ( ၃) လျှပ်စစ်တပ်ခွဲက ထောင်ထားခဲ့တဲ့ မိုင်းအလုံး ၃၀ ကို စစ်ကောင်စီတပ်တွေက ရှင်းလင်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီနောက် စစ်ကောင်စီတပ်တွေ ဆက်လက်ထွက်ခွာလာချိန်မှာ ကျန်ရှိ နေသေးတဲ့ ပွိုင့် ၂ ပွိုင့် ( မိုင်း အလုံး ၂၀) ကို ဖောက်ခွဲ တိုက်ခိုက်ရာ နတ်ရေ ကန်က တက်လာတဲ့ စစ်ကောင်စီ စစ်ကြောင်းက စစ်ကောင်စီတပ်သား ၁ ဦး နဲ့ ဂွေးပင်တော က ထွက်လာတဲ့ စစ်ကောင်စီတပ်သား ၃ ဦးဟာ ထိခိုက်သေဆုံးတာရှိခဲ့တယ်လို့ ဆိုထားပါတယ်။
မုံရွာခရိုင် အမှတ် (၁၂) တပ်ရင်း၊တပ်ခွဲ( ၃) လျှပ်စစ်တပ်ခွဲ အနေ နဲ့ စစ်ကောင်စီတပ်တွေ မုံရွာ – မန္တလေးလမ်းပိုင်းကို မစိုးမိုးနိုင်ရေးအတွက် အစွမ်းကုန်ကြိုးပမ်းသွားမှာ ဖြစ်တယ်လို့လည်းဆိုထားပါတယ်။
ဒါ့အပြင် မုံရွာခရိုင် အမှတ် (၁၂) တပ်ရင်း၊တပ်ခွဲ( ၃) လျှပ်စစ်တပ်ခွဲ အနေ နဲ့ မုံရွာ – မန္တလေးလမ်းပေါ်မှာ စစ်ကောင်စီတပ်တွေ ရှင်းလင်းရေး အတွက် ဖော်ဆောင်မယ့် ဘယ်အဖွဲ့ နဲလ မဆို အတူပူးပေါင်းလုပ်ဆောင်ဖို့ကိုလည်း ဖိတ်ခေါ်တယ်လို့ ဆိုထားပါတယ်။