စစ်ကောင်စီက ပြီးခဲ့တဲ့ ဇူလိုင်လ ၃၁ ရက်နေ့က ရခိုင်မှာ ရှိတဲ့ မြို့နယ် ၁၄ ခုကို စစ်အုပ်ရေး နဲ့ အုပ်ချုပ်မယ်ဆိုပြီးတော့ ကြေညာချက်ထုတ်ပြန်ပြီးတဲ့နောက်မှာ စစ်အုပ်ချုပ်ရေး ကြေညာခံထားရတဲ့ မြို့တွေကို လေကြောင်းတိုက်ခိုက်တာ၊လက်နက်ကြီးတွေ နဲ့ ပစ်ခတ်တိုက်ခိုက်တာတွေကို လုပ်ဆောင်လာနေတာပါ။
စစ်ကောင်စီက မာန်အောင်၊ကျောက်ဖြူ နဲ့ စစ်တွေ မြို့တွေက လွဲရင် အာရက္ခတပ်တော် အပြီးသတ်သိမ်းပိုက်ရရှိထားပြီးဖြစ်တဲ့ မြို့နယ် ၁၄ ခုကို စစ်အုပ်ချုပ်ရေး စနစ် နဲ့ အုပ်ချုပ်မှာ ဖြစ်တယ်လို့ ထုတ်ပြန်ထားတာလည်း ဖြစ်ပါတယ်။
အဲဒီလို ကြေညာပြီးတဲ့ နောက်မှာတော့ သြဂုတ်လ ၂ ရက်နေ့မှာ အာရက္ခတပ်တော်ထိန်းချုပ်မှု အောက်မှာ ရှိတဲ့ သံတွဲမြို့နယ်အတွင်းက ဂျိတ္တောရပ်ကွက်ကို စစ်ကောင်စီ နေဗီက လက်နက်ကြီး နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့ အတွက် လူနေအိမ်ပေါ်ကို ကျရောက်ပေါက်ကွဲပြီးတော့ နေအိမ်တစ်လုံး ပျက်စီးသွားခဲ့ရပါတယ်။’
အဲဒီနောက် တောင်ကုတ်မြို့အတွင်းက မအီမြို့ကို သြဂုတ်လ ၄ရက်နေ့ နေ့လယ်မှာ လေကြောင်းတိုက်ခိုက်မှု ထပ်မံလုပ်ဆောင်ခဲ့သလို လေယာဉ်ပေါ်ကနေပြီးတော့ အရပ်သားပြည်သူတွေကို စက်သေနတ် နဲ့ ပစ်ခတ်တိုက်ခိုက်တာတွေကိုထပ်မံလုပ်ဆောင်တာရှိခဲ့တယ်လို့ တောင်ကုတ် ဒေသခံ တစ်ဦးက ပြောပါတယ်။
“မနေ့က လေကြောင်းတိုက်ခိုက်ခံရတာဟုတ်ပါတယ် အထိအခိုက်အပျက်အစီးတွေတော့မရှိဘူး။လေယာဉ်ပေါ်က ကြဲချလိုက်တဲ့ ဗုံးတွေကတော့ မအီရဲစခန်းအနားကို ကျရောက်ပေါက်ကွဲတာရှိခဲ့တယ်။ပြီးတော့ ဗုံးသံကြားတော့ လူတွေ ထွက်ပြေးတော့ စက်သေနတ် နဲ့ ထပ်ပစ်တာရှိခဲ့တယ်”လို့ သူကဆိုပါတယ်။
စစ်ကောင်စီဟာ တောင်ကုတ်မြို့အတွင်းမှာ တိုက်ပွဲဖြစ်ပွါးချိန်တုန်းကလည်း လေကြောင်းကနေတဆင့် စက်သေနတ်တွေ နဲ့ အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်တာတွေ ရှိခဲ့တဲ့ အတွက် အရပ်သားပြည်သူတွေ ထိခိုက်ဒဏ်ရာရတာ ၊သေဆုံးတာတွေ များစွာရှိခဲ့ရပါတယ်။