စစ်ကောင်စီတပ်တွေ နဲ့ အာရက္ခတပ်တော်တို့ နှစ်ဖက်တိုက်ပွဲတွေ ဖြစ်ပွါးနေတဲ့ ကြားက အာရက္ခတပ်တော်ဆီမှာ လက်နက်ချအလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သား တစ်ဦးက ကျန်ရှိနေခဲ့တဲ့ တပ်ဖွဲ့ဝင်တွေ၊ သူငယ်ချင်း ရဲဘော်တွေ အနေ နဲ့လည်း အာရက္ခတပ်တော်ဆီမှာ လက်နက်ချ အလင်းဝင်ကြဖို့ကို တိုက်တွန်း ပြောဆိုလာခဲ့ပါတယ်။
အဲဒီလို အာရက္ခတပ်တော်ဆီမှာ အလင်းဝင်လာပြီးတော့ လက်နက်ချအလင်းဝင်ကြဖို့ကို တိုက်တွန်း ပြောဆိုလာတဲ့ သူကတော့ စစ်ကောင်စီရဲ့ တပ်မ (၁၁) လက်အောက်ခံ၊ ခမရ (၂၁၆) တပ်ရင်းက ကိုယ်ပိုင်အမှတ် ပစ/၁၅၂၀၅၅ တပ်သား မောင်မောင်ဝင်း ဖြစ်ပါတယ်။
သူရဲ့ မွေးရပ်မြေဇာတိကတော့ ရခိုင်ပြည် ၊ ပုဏ္ဏားကျွန်းမြို့ ဒီပါရုံကျေးရွာ ဇာတိဖြစ်ပြီးတော့ ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ် အလယ်ပေါက် (စက်မှုဇုံ) မှာ သွားရောက်အလုပ်လုပ်ကိုင်နေသူ ဖြစ်ပြီးတော့ ၂၀၂၅ ခုနှစ် မတ်လ ၅ ရက်နေ့မှာ စစ်ကောင်စီတပ်တွေ ရဲ့ စစ်မှုထမ်းအတွက် အတင်းအဓမ္မ ဖမ်းဆီးပေါ်တာဆွဲတာကို ခံခဲ့ရပြီးတော့ စစ်ကောင်စီတပ်ထဲကို ရောက်ရှိလာသူလည်း ဖြစ်ပါတယ်။
အဲဒီနောက်မှာတော့ သူ့ကို မှော်ဘီမြို့နယ်အတွင်းမှာ ရှိတဲ့ ဂျိုးဖြူသင်တန်းကျောင်းကို ပို့ဆောင်ခဲ့ပြီးတော့ စစ်သင်တန်း ၂ လတာ သင်ကြားပြီးတဲ့ နောက်မှာ ရန်ကုန်တိုင်းဒေသကြီးအတွင်းက ရဲမွန်မြို့မှာ ရှိတဲ့ တပ်မ ၁၁ လက်အောက်ခံ ခမရ – ၂၁၆ တပ်ရင်းကို ပို့ဆောင်ခံခဲ့ရပါတယ်။
အဲဒီကနေတဆင့် ခမရ – ၂၁၆ တပ်ရင်းမှာ မွမ်းမံ တစ်ပတ်တာသင်တန်း တက်ရောက်ပြီးတော့ သီလဝါဆိပ်ကမ်းကနေ တဆင့် ရခိုင်ပြည်၊ကျောက်ဖြူမြို့ အတွင်းကို ပို့ဆောင်ခံခဲ့ရတာဖြစ်တယ်လို့ သူကဆိုထားပါတယ်။
“ကျနော့်တို့ကို မွမ်းမံသင်တန်းပြီးတော့ စစ်ဆင်ရေးထွက်ရမယ်ဆို အထုပ်တွေပြင်ဆိုပြီးတော့ ပြောပါတယ်။ဘယ်ကို သွားရမယ်ဆိုတာကိုတော့ မသိခဲ့ပါဘူး။ပြီးတော့ သီလဝါဆိပ်ကမ်းကနေ တဆင့် ရခိုင်ပြည်၊ကျောက်ဖြူမြို့ ကိုပို့ဆောင်ခဲ့တာပါ။ကျနော်တို့ ပစ – ၁၃ ယောက် နဲ့ အတူ ဗိုလ်ကြီး ဟိန်းထက်စံပါ ပါတယ်။ကျောက်ဖြူကိုရောက်တော့ ရဲတပ်ရင်း – ၃၂ မှာ မွမ်းမံ ထပ်တက်ရပါတယ်။ပြီးတော့ ရှေ့တန်းစစ် မြေပြင်ကို ပို့ဆောင်ခံခဲ့ရတာဖြစ်တယ်လို့” ဆိုပါတယ်။
အဲဒီနောက်မှာတော့ သူဟာ တပ်မ – ၁၁ လက်အောက်ခံ ခမရ -၂၁၆ တပ်ရင်း ရှေ့တန်းစစ်မြေပြင် ဒုတပ်ကြပ် သိန်ဇော် လက်အောက်မှာ တာဝန်ထမ်းဆောင်ခဲ့တာ ဖြစ်ပြီးတော့ အာရက္ခတပ်တော် နဲ့ တိုက်ပွဲ ဖြစ်ပွါးတိုင်းမှာ ပြည်သူ့စစ်တွေကို ကြိမ်းမောင်းပြီးတော့ ရှေ့တက်ခိုင်းတဲ့ အတွက် စစ်ကောင်စီတပ်တွေဆီမှာ ဆက်လက် တာဝန်မထမ်းဆောင်လိုတော့တာကြောင့် ဇူလိုင်လ (၃၁) ရက်နေ့မှာ အာရက္ခတပ်တော်ဆီမှာ အလင်းဝင်ရောက်လာခဲ့တာလည်း ဖြစ်ပါတယ်။
“ကျနော်က အရင်တုန်းကပင် စစ်ကောင်စီတပ်ထဲကို မဝင်ချင်ခဲ့ပါဘူး ဒါပေမယ့် စစ်ကောင်စီက ရိုက်နှက်ပြီးတော့ အတင်းသွင်းလို့ ဝင်ခဲ့ရတာ ဖြစ်တယ်။ကျနော် အချိန်တိုင်းထွက်ပြေးဖို့ ကြိုးစားခဲ့ပါတယ်။မရခဲ့ပါဘူး အာဏာရှင်စနစ်ကိုလည်း မကြိုက်ပါဘူး။ကျနော်တို့ ပြည်သူ့စစ်တွေကိုလည်း ဘာတန်ဖိုးမှ မထားပါဘူးသူတို့ ခွေးတွေ ဝက်တွေလိုပစ်ထားပါတယ်။ခမရ – ၂၁၆ ထဲမှာ ရှိတဲ့ကျနော့်သူငယ်ချင်း ပစတွေ၊အနယ်နယ်အသီးသီးမှာ ရှိနေတဲ့ ပစတွေကို မင်းတို့ငါတို့တွေကို ဘယ်လိုဆက်ဆံတယ်ဆိုတာ မင်းတို့ငါတို့ အသိပဲ အဲဒါကြောင့် အလင်းဝင်ဖို့ကို ပြောချင်တယ်”လို့ တပ်သား မောင်မောင်ဝင်း ကတိုက်တွန်းထားပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်တွေပြောဆိုနေသလို အာရက္ခတပ်တော် ဆီမှာ လက်နက်ချအလင်းဝင်ရင်လည်း သတ်ဖြတ်တာ၊ရိုက်နှက်တာတွေ မရှိဘူးဆိုတာကိုလည်း သူက ပြောဆိုထားပါတယ်။




