Home သတင်း စစ်ရေး သံတွဲ နဲ့ ဂွ ပင်လယ်ပြင်တစ်လျှောက်မှာ စစ်ကောင်စီနေဗီ ၅ စီထက်မနည်း အင်အားတိုးလာ

သံတွဲ နဲ့ ဂွ ပင်လယ်ပြင်တစ်လျှောက်မှာ စစ်ကောင်စီနေဗီ ၅ စီထက်မနည်း အင်အားတိုးလာ

185
3
Coastal News Agency

သံတွဲ နဲ့ ဂွမြို့ တလျှောက်က ပင်လယ်ပြင်မှာ စစ်ကောင်စီက ဒီရက်ပိုင်း အတွင်း စစ်ကောင်စီ နေဗီတွေသင်္ဘော ၅ စီးထက်မနည်းကျောက်ချရပ်နားထားတာတွေ ရှိလာနေတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေကပြောပါတယ်။

အာရက္ခတပ်တော်က သံတွဲ နဲ့ ဂွမြို့နယ်တွေအပြီးသတ်သိမ်းယူလိုက်ပြီးနောက်ပိုင်းကတည်းကပင် ဂွ နဲ့ သံတွဲ ပင်လယ်ပြင်အတွင်းမှာ စစ်ကောင်စီ နေဗီ ၂ စီလောက်ဟာ ကမ်း နဲ့ မနီးမဝေးနေရာမှာ ကျောက်ချ ရပ်နားတာတွေ ရှိနေခဲ့ပေမယ့်လည်း ဒီရက်ပိုင်းအတွင်းမှာတော့ စစ်ကောင်စီ နေဗီ ၅ စီးထက်မနည်း တွေ့လာရတာ ဖြစ်တယ်လို့ ဂွမြို့ဒေသခံ တစ်ဦးက ပြောပါတယ်။

“အရင်ကတော့ ၂ စီးလောက်ကတော့ ရှိတယ်အမြဲ။တစ်ခါတစ်ခါ ကမ်းနားကပ်လာပြီး လက်နက်ကြီးတွေ နဲ့ ပစ်တာတော့ ရှိတယ်။ဒီရက်ပိုင်းမှာတော့ ၅ စီးထက်မနည်းရှိလာကိုတွေ့လာတယ်။ရာသီဥတု ကောင်းရင် အဲဒီနေဗီတွေကို ကမ်းခြေကို လှမ်းမြင်ရတယ်။တစ်ခါတစ်လေ ကမ်း နဲ့ အရမ်းမဝေးတဲ့ နေရာကို ကပ်လာတာမျိုးတော့ ရှိတယ်”လို့ သူကပြောပါတယ်။

လက်ရှိ ဂွ နဲ့ သံတွဲမြို့ ကမ်းခြေတလျှောက်ကို ရောက်ရှိလာတဲ့ စစ်ကောင်စီ နေဗီတွေဟာ နံသာကျွန်းမှာ လူအင်အားစုဆောင်းပြီးတော့ ဒီကို ရောက်ရှိလာကြတာဖြစ်တယ်လို့ သိရှိထားရကြောင်း သူကဆက်လက်ပြောဆိုပါတယ်။

အခုလို စစ်ကောင်စီက ပင်လယ်ပြင်တလျှောက် နေဗီတွေ တိုးချဲ့ချထားလာတဲ့ အပေါ်မှာလည်း ဒေသခံတွေ အနေ နဲ့ အထူးစိုးရိမ်မှုတွေရှိနေပြီး စစ်ကောင်စီက စစ်ရေးပစ်မှတ်တွေ မဟုတ်တဲ့ အရပ်သားပြည်သူတွေ နေထိုင်ရာ နေရာတွေကို လက်နက်ကြီးတွေ နဲ့ ပစ်ခတ်တာတွေကို လုပ်ဆောင်လာမှာကိုလည်းစိုးရိမ်နေရတယ်လို့ သံတွဲ ဒေသခံ တစ်ဦးကပြောပါတယ်။

“ဟုတ်ပါတယ် ကမ်းခြေဒေသကလူတွေကို ကျနော်မေးကြည့်သလောက် နေဗီအစီးရေတိုးလာတာတွေ ရှိတယ်လို့ ပြောပါတယ်။အဲဒီနေဗီတွေမှာလည်း စစ်အင်အားတော်တော်ပါတယ်လို့ ပြောကြတယ်။လူတွေကတော့ စိုးရိမ်တာပေါ့ စစ်ကောင်စီက အရင်တုန်းကလည်း မထင်ရင်မထင်သလို ဖြတ်သွားဖြတ်လာ လက်နက်ကြီးတွေ နဲ့ ပစ်တာတွေ ရှိတာကို အခုလည်း အဲဒီလို ပစ်ခတ်တိုက်ခိုက်မှာကိုတော့စိုးရိမ်တာတွေ ရှိတယ်။နောက်တစ်ခုက စစ်အင်အားတွေပါတော့လည်း ပြန်ပြီးတော့ ထိုးစစ်ဆင်လာနိုင်မလားဆိုတာကိုလည်းစိုးရိမ်တာတွေတော့ ရှိနေတာပေါ့”လို့သူကပြောပါတယ်။

အဲဒီလို စစ်ကောင်စီက ရေတပ်အင်အားတွေ ဖြည့်တင်းတာတွေ ရှိလာတဲ့ အတွက် အာရက္ခတပ်တော် ကမ်းခြေစောင့်အဖွဲ့အနေ နဲ့လည်း ကမ်းခြေဒေသ လုံခြုံရေးကို အရင်ကထက်ဦးစားပေးဆောင်ရွက်တာကို လုပ်ဆောင်ဖို့အတွက်ကိုလည်း သူကတောင်းဆိုပါတယ်။

စစ်ကောင်စီကတော့ အာရက္ခတပ်တော် ထိန်းချုပ်ထားတဲ့ ရခိုင်က မြို့နယ် ၁၄ ခုကို စစ်အုပ်ချုပ်ရေး စနစ် နဲ့ အုပ်ချုပ်မယ်လို့ ထုတ်ပြန်ခဲ့တာရှိခဲ့ပြီးတော့ အဲဒီနောက်မှာ အာရက္ခတပ်တော် သိမ်းပိုက်ထားတဲ့ နေရာတွေကို လေကြောင်းတိုက်ခိုက်တာ၊နေဗီတွေက လက်နက်ကြီးတွေ နဲ့ ပစ်ခတ်တိုက်ခိုက်တာတွေကို လုပ်ဆောင်နေတာလည်း ရှိနေပါတယ်။

3 COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here