ပဋိပက္ခတွေကြာင့် ပိတ်ဆို့တားဆီးမှုတွေ နဲ့ ရန်ပုံငွေ ဖြတ်တောက်တာတွေ ကြောင့် ရခိုင်မှာ ဆာလောင်မွတ်သိပ်မှု နဲ့ အာဟာရချို့တဲ့မှုတွေ မြင့်တက်လာနေတယ်လို့ ကုလသမဂ္ဂရဲ့ ကမ္ဘာ့စားနပ် ရိက္ခာအစီအစဉ် – WFP က သတိပြောဆိုလာပါတယ်။
၂၀၂၄ ခုနှစ် ဒီဇင်ဘာလထဲမှာတောင် ရခိုင်ပြည်မှာ အခြေခံစားနပ်ရိက္ခာကိုတောင် ပြည့်မီအောင် မစားသုံးနိုင်တဲ့ မိသားစု အရေအတွက် ၃၃ ရာခိုင်နှုန်းသာရှိခဲ့ရာကနေပြီးတော့ လက်ရှိမှာတော့ ၅၇ ရာခိုင်နှုန်းအထိ ရောက်ရှိနေပြီဖြစ်တယ်လို့ ဆိုပါတယ်။
ဒီတွေ့ရှိချက်တွေဟာ ရခိုင်ပြည် အလယ်ပိုင်းမှာတွေ့ရတာဖြစ်ပြီးတော့ ဒီလို စားနပ်ရိက္ခာဖူလုံမှု အခြေအနေဟာ အလွန်စိုးရိမ်ဖွယ်ရာ အတိုင်းအတာအထိ ရောက်ရှိနေပြီဖြစ်တယ်လို့ဆိုပါတယ်။တဖက်မှာလည်းရခိုင်ပြည်မြောက်ပိုင်းမှာ ဖြစ်နေတဲ့ ပဋိပက္ခတွေ၊ သွားလာခွင့်ကန့်သတ်မှုတွေကြောင့် အာဟာရချို့တဲ့မှု အခြေအနေဟာ ပိုမိုဆိုးရွာလာမယ့်အခြေအနေကို ညွန်ပြနေတယ်လို့ WFP က သတိပေးထားပါတယ်။
အဲဒါကြောင့် ရခိုင်ကို လူသားချင်စာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးမှုတွေကို ပိုမိုပေးအပ်နိုင်ဖို့အတွက် အရေးတကြီးလိုအပ်နေတယ်လို့ WFP ကတိုက်တွန်းထားပါတယ်။
WFP ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Michael Dunford က “လူတွေက ပဋိပက္ခတွေအကြား ပိတ်ဆို့ခံနေရတယ်။ ကိုယ့်ဝမ်းစာ ကိုယ်ရှာစားခွင့် ဆုံးရှုံး နေကြတယ်။ လူသားချင်းစာနာမှု အကူအညီ အကာအကွယ်မဲ့နေကြတယ်။ ဒီလို အဆိုးကျိုး သံသရာထဲမှာပဲ တဝဲလည်လည် ပိတ်မိနေကြရတယ်။ ဝမ်းဆာလို့ ငိုကြွေးနေတဲ့ ကလေးတွေ၊ စားစရာမရှိလို့ မစားလိုက်ရတဲ့ မိခင်တွေရဲ့ အကြောင်းလို ကြေကွဲစရာ ဇတ်လမ်းတွေကို ကျနော်တို့ နေ့တိုင်းကြားနေရတယ်။ မိသားစုတွေက သူတို့ တတ်နိုင်သမျှ ကြိုးစားရုန်းကန်နေကြပေမယ့် ဒီလိုအခြေအနေမှာ သူတို့ ရုန်းအားတစ်ခုတည်းနဲ့ ရှင်သန်ဖို့ ခက်ခဲပါတယ်” ဆိုထားပါတယ်။
WFP က လက်ခံရရှိခဲ့တဲ့ မှတ်တမ်းတွေအရ ရပ်ရွာလူထုတွေဆီကနေပြီးတော့ စိုးရိမ်အကြောင်းကြားချက်တွေဟာ အလွန်မြင့်တက်လာနေပြီးတော့ မိသားစုဘ၀ ရှင်သန်ရပ်တည်ရေးအတွက် အကြွေးယူတာ၊ တောင်းရမ်းစားသောက်တာ၊ အိမ်တွင်း အကြမ်းဖက်တာ၊ ကျောင်းထွက်တာ၊ လူမှုရေး တင်းမာတာ နဲ့ လူကုန်ကူးမှုတွေဖြစ်ပွါးတဲ့ အထိ နည်းမျိုးစုံ နဲ့ အပူတပြင်း ကြိုးစားနေရတယ်လို့ ဆိုပါတယ်။
အချိန်ကာလကြာရှည်စွာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကြောင့် သွားလာလှုပ်ရှားမှုတွေကိုကန့်သတ်ထားတဲ့အတွက် စားသောက်ကုန်စျေးနှုန်းမြင့်တက်လာတာ၊လူသားချင်းစာနာထောက်မှုဆိုင်ရာ ရန်ပုံငွေတွေ လျော့ကျခံရတာတွေကြောင့် WFP အနေ နဲ့လည်း ၂၀၂၅ ခုနှစ် ဧပြီလထဲမှာ ရန်ပုံငွေ မလုံလောက်တဲ့အတွက် မြန်မာနိုင်ငံရှိ လူဦးရေ ၁ သန်းကျော်ကို အထောက်အပံ့များ ရပ်ဆိုင်းခဲ့ရတဲ့ အတွက်ဆာလောင် မွတ်သိပ်မှု အကျပ်အတည်းကို ပိုမိုဆိုးရွားလာအောင် တွန်းအားပေးခံရတာ ဖြစ်တယ်လို့ ဆိုပါတယ်။
အဲဒီလို ရန်ပုံငွေမလုံလောက်တဲ့ ကြားကနေပြီးတော့ WFP အနေ နဲ့ အခြေအနေ အဆိုးရွားဆုံး ဖြစ်နေတဲ့ ဒေသတွေကို ကူညီထောက်ပံ့တာတွေ အကန့်အသတ်နဲ့ ပြန်လည် စတင် ပေးအပ်နိုင်ဖို့အတွက်ကို လုပ် ဆောင်ပေးတာတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။ တဖက်မှာလည်း လက်ရှိကြုံနေရတဲ့ အခြေအနေတွေကို နိုင်ငံတကာအသိုင်းအ၀ိုင်းအနေ နဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ရန်ပုံငွေတွေ တိုးမြှင့်ပေးကြဖို့ကိုလည်း WFP က တောင်းဆိုထားပါတယ်။
“အခုချက်ချင်း တုံ့ပြန်ဆောင်ရွက်ကြဖို့လိုပါတယ်။ ဒီလိုမှ မဟုတ်ရင် အကျပ်အတည်းဟာ တကယ့်ကို ဆိုးရွားတဲ့ ကပ်ဆိုးကြီးတစ်ခုအဖြစ် ပြောင်းလဲသွားမှာဖြစ်ပါတယ်။ ဒါကို နိုင်ငံ တကာက မျက်နှာလွှဲလိုက်လို့ မရပါဘူး”လို့ WFP ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်က ထုတ်ဖော်ပြောဆိုထားပါတယ်။
ဒါ့အပြင် မြေပြင်ရှိတဲ့ အာဏာပိုင်တွေ အနေ နဲ့လည်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးမှုတွေကို အတားအဆီးမဲ့ ဝင်ရောက်ကူညီခွင့်ပေးဖို့အတွက်ကို WFP အနေ နဲ့လည်း တောင်းဆိုထားပါတယ်။
ရခိုင်ပြည်တွင်းမှာရှိတဲ့ လူဦးရေ ၂၇၀,၀၀၀ကို ကူညီဖို့ အတွက် နောက်လလအတွင်းမှာ အမေရိကန်ဒေါ်လာ သန်း ၃၀ အထိ လိုအပ်နေတယ်လို့ ဆိုထားပါတယ်။