Home လေကြောင်းတိုက်ခိုက်မှု လေကြောင်းတိုက်ခိုက်မှု တောင်ကုတ်မြို့ကို စစ်ကောင်စီလေကြောင်းတိုက်ခိုက်လို့ အရပ်သား အများအပြား ထိခိုက်သေဆုံးမှုရှိနေ

တောင်ကုတ်မြို့ကို စစ်ကောင်စီလေကြောင်းတိုက်ခိုက်လို့ အရပ်သား အများအပြား ထိခိုက်သေဆုံးမှုရှိနေ

126
1
ပုံဟောင်း

တောင်ကုတ်မြို့အတွင်းကို စစ်ကောင်စီတပ်က ဒီနေ့မနက်ပိုင်းမှာ လေကြောင်းက ပေါင် ၅၀၀ ဗုံး နဲ့ ကြဲချတိုက်ခိုက် ခဲ့တဲ့အတွက် အရပ်သားပြည်သူ အများအပြား ထိခိုက် သေဆုံးခဲ့ရတယ်လို့ မြေပြင်သတင်းတွေ နဲ့ နီးစပ်တဲ့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီကြဲချတိုက်ခိုက်ခဲ့တဲ့ ပေါင် ၅၀၀ ဗုံးဟာ စကခ ၅ အပါအဝင် မြို့ပေါ်ရပ်ကွက်က တချို့နေရာတွေကိုကျရောက်ပေါက်ကွဲခဲ့တာဖြစ်တယ်လို့ အဲဒီသတင်းအရင်းမြစ်က သူသိရှိထားရတဲ့ အခြေအနေကို အခုလို ပြောပြပါတယ်။

“စကခ ၅ ထဲကိုလည်းကျတယ် မြို့ပေါ်ရပ်ကွက်တွေကိုလည်း ကျတယ်လို့ ပြောပါတယ်။ဗုံးကြဲခဲ့တာတော့ ဒီမနက် မိုးလင်းဝါမှာ ကြဲခဲ့တာလို့ သိရတယ်။ဒေသခံတွေလည်း တော်တော်ထိခိုက်တာတွေ သေဆုံးတာတွေရှိတယ်လို့ ပြောတယ်။လောလောဆယ်မှာက အာရက္ခတပ်တော်က လိုင်းသုံးခွင့်တွေကို ကန့်သတ်ထားတယ်”လို့ သူကပြောပါတယ်။

တောင်ကုတ်မြို့ကို အာရက္ခတပ်တော်ဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၁၄ ရက်နေ့ကတည်းကပင် စစ်ကောင်စီလက်ထဲကနေပြီးတော့ အပြီးသတ်သိမ်းပိုက်ရရှိထားတဲ့ မြို့နယ်တစ်ခုဖြစ်ပြီးတော့ ဖုန်းလိုင်း အင်တာနက်လိုင်းတွေကို ဖြတ်တောက်ခံထားရတဲ့ မြို့နယ်တစ်ခုလည်းဖြစ်ပါတယ်။

အာရက္ခတပ်တော် ကတော့ မြို့ပေါ်ရပ်ကွက်တွေမှာ စတားလင့် အင်တာနက်ကို ဖွင့်ပေးကာ ဒေသခံ တချို့ နဲ့ လူမှုကူညီရေး လုပ်ငန်းလုပ်ကိုင်သူတွေကို အသုံးပြုခွင့်ပေးထားတာ ရှိပြီးတော့ အဲဒီလို လိုင်းသုံးခွင့် ပြုထားတာကို ပြီးခဲ့တဲ့ ဩဂုတ်လ ၁၃ ရက်နေ့မှာ ပိတ်ပင်ကာ ကန့်သတ်ထားတယ်လို့သိရှိထားရကြောင်း သူကဆက်လက်ပြောပါတယ်။

“ပြီးခဲ့တဲ့ဩဂုတ်လ ၁၃ ရက်နေ့ ညနေမှာလည်း စစ်ကောင်စီက တောင်ကုတ်မြို့နယ် အတွင်းက မအီမြို့ကို လေကြောင်းတိုက်ခိုက်တာ ရှိခဲ့တယ်လို့သိရတယ် အဲဒီမှာလည်း အရပ်သားပြည်သူ ၃ ဦးထက်မနည်း သေဆုံးတာ ရှိခဲ့တယ်လို့ သိရတယ်။အဲဒီနောက်မှာ အာရက္ခတပ်တော်က လိုင်းသုံးတာတွေကို ပိတ်ပင်လိုက်တော့ သတင်းအချက်အလက်တွေက ဘာမှ မသိရဘဲ ဖြစ်သွားတယ်”လို့ သူကဆိုပါတယ်။

အခုလို သတင်းအချက်အလက်သိပိုင်းခွင့်တွေကို အာရက္ခတပ်တော် အနေ နဲ့ ပိတ်ပင်ထားလိုက်တဲ့ အတွက် ပြည်တွင်းပြည်ပကို ရောက်နေကြတဲ့ မိသားစုတွေ အနေ နဲ့ စိုးရိမ်မှုတွေ ရှိနေတယ်လို့ ထိုင်းနိုင်ငံကို ရောက်ရှိနေတဲ့ တောင်ကုတ်ဒေသခံတစ်ဦးက အခုလိုတောင်းဆိုထားပါတယ်။

“ကျမတို့ လုံခြုံရေး အရ လိုင်းသုံးခွင့် ပိတ်ပင်လိုက်တာကိုလက်ခံပါတယ်။ဒါပေမယ့် အခု ဗုံးကြဲတာတွေ လူသေတာတွေ ဖြစ်တော့ အာရက္ခတပ်တော်ကလည်းမထုတ်ပြန် ဆက်သွယ်လို့လည်း မရတော့ စိုးရိမ်တယ်။သိချင်တွေ ဘယ်သူတွေဘာဖြစ်သွားလဲဆိုတာကို အခုက အကုန်လုံးကို ပိတ်ဆို့ထားတဲ့ သဘော ဖြစ်တော့ တော်တော်ဆိုးဆိုးရွားရွားဖြစ်တယ်။အဲဒါကြောင့် ပြည်သူတွေ သတင်းအချက်အလက်ကို သိရအောင် တစ်ခုခုတော့ လုပ်ပေးသင့်တယ်”လို့ သူကတောင်းဆိုထားပါတယ်။

1 COMMENT

LEAVE A REPLY

Please enter your comment!
Please enter your name here