Home သတင်း စစ်ရေး အာရက္ခတပ်တော်က လူမျိူးတုံးသတ်ဖြတ်နေတယ်လို့ နေဆန်းလွှင်ပြောဆိုချက်ကို ကိုးကားကာ စစ်ကော်မရှင်အဖွဲ့က စွပ်စွဲပြောဆိုလာ

အာရက္ခတပ်တော်က လူမျိူးတုံးသတ်ဖြတ်နေတယ်လို့ နေဆန်းလွှင်ပြောဆိုချက်ကို ကိုးကားကာ စစ်ကော်မရှင်အဖွဲ့က စွပ်စွဲပြောဆိုလာ

88
0

အာရက္ခတပ်တော်ဟာ ရခိုင်က မွတ်ဆလင်တွေ အပေါ်မှာ လူမျိုးတုံးသတ်ဖြတ်တာတွေကို လုပ်ဆောင်နေတယ်လို့ ရိုဟင်ဂျာအရေး တက်ကြွလှုပ်ရှားသူ နေဆန်းလွှင်ရဲ့ပြောဆိုချက်တွေကို ကိုးကားပြီးတော့ စစ်ကော်မရှင်အဖွဲ့ကလည်း အာရက္ခတပ်တော်အပေါ်မှာ စွပ်စွဲပြောဆိုမှုတွေကိုထုတ်ပြန်ပြောဆိုလာခဲ့ပါတယ်။

လူ့အခွင့်အရေးအဖွဲ့ဖြစ်တဲ့ Fortify Rights ၊HRW ၊ IIMM အဖွဲ့ အပါအဝင် ရိုဟင်ဂျာအရေး တက်ကြွလှုပ်ရှားသူ ကိုနေဆန်းလွှင် တို့က ဘူးသီးတောင်မြို့နယ် ထန်းရှောက်ခံကျေးရွာ အတွင်းမှာ အာရက္ခတပ်တော်က မွတ်ဆလင်ရွာသား ၆၀၀ ကျော်ကို အစုလိုက် အပြုံလိုက်လူမျိုးတုံးသတ်ဖြတ်မှုကို ကျူးလွန်ခဲ့တယ်လို့ ရုပ်ပုံတွေ နဲ့ တကွ ထုတ်ပြန်ကာ အာရက္ခတပ်တော်ကိုစွပ်စွဲပြောဆိုထားကြပါတယ်။

အဲဒီလူ့အခွင့်အရေးအဖွဲ့တွေ နဲ့ ရိုဟင်ဂျာအရေးတက်ကြွလှုပ်ရှားသူ ကိုနေဆန်းလွှင်တို့ စွပ်စွဲ ပြောဆိုထားသလို ဘူးသီးတောင်မြို့အတွင်းက ထန်းရှောက်ခံကျေးရွာ အတွင်းမှာ အာရက္ခတပ်တော်အနေ နဲ့ မွတ်ဆလင်တွေ အပေါ်မှာ အစုလိုက် အပြုံလိုက်သတ်ဖြတ်တာ မရှိခဲ့ဘူးလို့ ငြင်းချက်ထုတ်ပြောဆိုထားသလို လက်ရှိ အွန်လိုင်းပေါ်မှာ ချပြထားတဲ့ ဓာတ်ပုံတွေထဲက ရုပ်အလောင်းတွေဟာလည်း မွတ်ဆလင်တွေ ရဲ့အလောင်းတွေ မဟုတ်ဘဲ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေ ရဲ့ ရုပ်အလောင်းတွေသာ ဖြစ်တယ်လို့ ပြီးခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ အာရက္ခတပ်တော်ပြောခွင့်ရ ဦးခိုင်သုခ က ပြောဆိုထားပါတယ်။

စစ်ကော်မရှင်အဖွဲ့ရဲ့ ပြောရဲဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ရိုဟင်ဂျာအရေး တက်ကြွလှုပ်ရှားသူ နေဆန်းလွှင်ရဲ့ ပြောဆိုချက်တွေကိုတစ်ခုမကျန်ကိုးကားပြီးတော့ အာရက္ခတပ်တော်ဟာ ဘူးသီးတောင်မြို့နယ် အတွင်က ထန်းရှောက်ခံကျေးရွာမှာ မွတ်ဆလင်တွေကို လူမျိုးတုံးသတ်ဖြတ်ခဲ့တယ်လို့ စွပ်စွဲပြောဆိုကာ မနေ့က ထုတ်ပြန်လာခဲ့တာပါ။

“အေအေ အကြမ်းဖက်သောင်းကျန်းသူ အဖွဲ့အနေ နဲ့ ဒီဖြစ်စဉ် နဲ့ ပတ်သက်ပြီး ဖြေရှင်းတဲ့ နေရာမှာ ပထမပိုင်းက တပ်မတော်က လုပ်ကြောင်းလွှဲချခဲ့ပါတယ်၊နောက်ပိုင်းပြောတဲ့ အခါမှာ ဒီအလောင်းတွေဟာ တပ်မတော်က အလောင်းတွေ ဖြစ်တယ်လို့ ပြောပြန်ပါတယ်။သူတို့ဘက်က ပြောဆိုမှုတွေဟာ ရှေ့နောက်မညီမှုတွေကိုကြည့်ရင် ဒီဖြစ်စဉ်တွေကိုကြည့်ရင် အေအေအကြမ်းဖက်သောင်းကျန်းသူတွေက ဒေသခံ ဘင်္ဂလီတွေအပေါ်မှာ လူမျိုးတုံးသတ်ဖြတ်ခဲ့တယ်ဆိုတာကို ပိုပြီး သိသာစေပါတယ်။သေဆုံးသူတွေထဲမှာလည်း အမျိုးသမီး နဲ့ ကလေးငယ်တွေ အများအပြားပါဝင်နေတာကိုလည်း တွေ့မြင်ရမှာ ဖြစ်ပါတယ်”လို စစ်ကော်မရှင် ရဲ့ ပြောရဲဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုထားခဲ့တာလည်း ဖြစ်ပါတယ်။

ဒါ့အပြင် မွတ်ဆလင်တွေဟာ ငြိမ်းချမ်းရေးကို လိုလားတဲ့ ဘူးသီးတောင် ၊မောင်တော နဲ့ စစ်တွေ မြို့တွေမှာ ရှိတဲ့ မွတ်ဆလင်တွေဟာ အာရက္ခတပ်တော်ကို လက်မခံကြောင်းဆန္ဒပြတောင်းဆိုခဲ့တာတွေ ရှိပြီးတော့ အဲဒီအပေါ်မှာ အငြိုအတည်းထားကာ မွတ်ဆလင်တွေကို သတ်ဖြတ်ခဲ့တာဖြစ်တယ်လို့လည်း စစ်ကော်မရှင် ရဲ့ ပြောရဲဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကဆိုထားပါတယ်။

“ရခိုင်ပြည်နယ်မြောက်ပိုင်းက မြို့ရွာတွေမှာ နေထိုင်တဲ့ ဘင်္ဂလီတွေဟာ ဒေသတည်ငြိမ်အေးချမ်းမှုကို လိုလားတဲ့ အတွက် အေအေအကြမ်းဖက်အဖွဲ့လုပ်ရပ်တွေက လုံးဝလက်မခံကြောင်း ကန့်ကွက်ဆန္ဒပြခဲ့တာ ဖြစ်လို့ ဘင်္ဂလီတွေအပေါ် လူမျိုးရေးအငြိုးအတည်းထားပြီး ထန်းရှောက်ခံရွာက ဒေသခံတွေကို ဥပဒေမဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မီးရှို့မှုတွေ လုပ်ခဲ့ကြောင်းတွေ့ရပါတယ်။အေအေ အကြမ်းဖက်သောင်းကျန်းသူတွေဟာ ရခိုင်ပြည်နယ်ထဲ ကတိုက်ပွဲတွေ ထဲမှာ ဘင်္ဂလီတွေကို အငြိုးထားပြီး အကြောင်းမဲ့သတ်ဖြတ်မှုတွေကို ဆက်တိုက် လုပ်ဆောင်ခဲ့ပါတယ်”လို့ ဆိုထားပါတယ်။

ဒါ့အပြင် အာရက္ခတပ်တော်ဟာ ဘူးသီးတောင်မြို့နယ် အတွင်းမှာ ရှိတဲ့ မွတ်ဆလင်တွေကို နေအိမ်က အတင်းနှင်ထုတ်ကာ မွတ်ဆလင်တွေ ရဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေလည်း လုပ်ဆောင်ခဲ့တာရှိပြီးတော့ ဒီလို လုပ်ဆောင်ချက်တွေဟာ အာရက္ခတပ်တော် အနေ နဲ့ မွတ်ဆလင်တွေ အပေါ်မှာ ရည်ရွယ်ချက် ရှိရှိ နဲ့လုပ်ဆောင်တာဖြစ်တယ်လို့ စစ်ကော်မရှင် ရဲ့ ပြောရဲဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကဆိုထားပါသေးတယ်။

လက်ရှိစစ်ကော်မရှင်ခေါင်းဆောင် မင်းအောင်လှိုင်ကိုလည်း ၂၀၁၆၊ ၂၀၁၇ ခုနှစ်တွေက ရခိုင်က မွတ်ဆလင်များအပေါ် လူမျိုးတုန်းသတ်ဖြတ်ခဲ့တယ်ဆိုကာ စစ်ရာဇဝတ်မှုတွေ ကျူးလွန်တဲ့ အမှု နဲ့ ICJ အပြည်ပြည်ဆိုင်ရာ တရားရုံး နဲ့ ICC နိုင်ငံတကာ ရာဇဝတ်ခုံရုံးတွေမှာ တရားစွဲဆိုခံထားရပြီးတော့ အာဏာသိမ်း စစ်ကော်မရှင်အဖွဲ့ဟာလည်း အမှုရင်ဆိုင်နေရပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here