ရခိုင်ပြည် ၊စစ်တွေမြို့ကို စစ်ကော်မရှင်တပ်က စစ်အင်အား ထောင်ချီ နဲ့ ရေတပ်သင်္ဘောတွေအလုံးအရင်း နဲ့ ဖြည့်တင်းထားတာတွေ ရှိနေတယ်လို့ စစ်တွေမြို့ ဒေသခံ တွေကပြောပါတယ်။
စစ်ကော်မရှင် အနေ နဲ့ ဒီလို စစ်အင်အားထောင်ချီ နဲ့ ရေတပ်သင်္ဘောဖြည့်တင်းတာကို စစ်ကော်မရှင် အနေ နဲ့ လာမယ့် ဒီဇင်ဘာ (၂၈)ရက်နေ့မှာ ရွေးကောက်ပွဲကျင်းပမယ်လို့ ကြေညာ ခဲ့တဲ့ ဩဂုတ်လ ၁၈ ရက်နေ့ နောက်ပိုင်းမှာ အခုလို လုပ်ဆောင်လာခဲ့တာဖြစ်တယ်လို့လည်း စစ်တွေမြို့ ဒေသခံ တစ်ဦးကပြောပါတယ်။
“အဓိကတော့ ရွေးကောက်ပွဲလုပ်မယ်လို့ ကြေညာပြီးတဲ့ နောက်မှာ ဒီစစ်အင်အားတွေကိုဖြည့်တင်းလာတာဖြစ်တယ်။ ဩဂုတ်လ ၁၈ ရက်နေ့မှာ ကြေညာပြီးတော့ ၁၉ ရက်နေ့ ညနေမှာ စစ်သင်္ဘော ၁၀ စီးရောက်တယ် စစ်သင်္ဘော ၁၀ စီးထဲက ၆ စီက ကမ်းကိုကပ်တယ် အဲဒီ ၆ စီးမှာ စစ်အင်အားထောင်ချီပါတယ်။နောက် ၄ စီးကမှာ ပါတဲ့ လူတွေကိုတော့ ကမ်းကို မပို့သေးဘူး။ဒီနေ့မှာတော့ မြို့တွင်းတစ်ခုလုံးမှာ လုံခြုံရေးကိုလည်း အရင်ကထက် တင်းကြပ်ထားတယ်”လို့သူကပြောပါတယ်။
စစ်အင်အားဖြည့်တင်းပြီးတဲ့ နောက်မှာတော့ စစ်ကော်မရှင်တပ်တွေဟာ စစ်တွေမြို့တွင်းမှာ အရင်ကထက် လုံခြုံရေး စနစ်ကို တင်းကြပ်ထားတာတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။
တဖက်မှာလည်း ရွှေမင်းဂံဆိပ်ကမ်းမှာ ရှိနေတဲ့ စစ်သင်္ဘောတွေကလည်း အာရက္ခတပ်တော် ထိန်းချုပ်မှု အောက်မှာရှိနေတဲ့ ပုဏ္ဏားကျွန်းမြို့နယ်တွေကို လက်နက်ကြီးတွေ နဲ့ ရမ်းသမ်းပစ်ခတ်တာတွေလည်းရှိနေတယ်လို့ နောက်ထပ် စစ်တွေမြို့ ဒေသခံတစ်ဦးကဆိုပါတယ်။
“မနေ့က ရွှေမင်းဂံဆိပ်ကမ်းမှာ ရှိနေတဲ့ စစ်သင်္ဘောက ပုဏ္ဏားကျွန်ဘက်ကို လက်နက်ကြီးတွေ နဲ့ စပစ်တာတွေရှိတယ်။ဒီလို မပစ်တာကတော့ တော်တော်ကြာပြီ အခု စစ်အင်အားတွေဖြည့်တင်းပြီးတဲ့ နောက်မှာ ပြန်ပစ်လာတာ ဖြစ်တယ်”လို့ သူကပြောပါတယ်။
ဒီလို စစ်အင်အားအလွန်အကျွံ့ဖြည့်တင်းတာ လက်နက်ကြီးတွေ နဲ့ ပစ်ခတ်တာတွေကို စစ်ကော်မရှင်တပ်တွေက ပြန်လည်လုပ်ဆောင်မှု ရှိလာနေတဲ့အတွက် မြို့တွင်းမှာ ပိတ်လှောင်ခံထားရတဲ့ စစ်တွေ ဒေသခံတွေ အနေ နဲ့ စိုးရိမ်မှုတွေ ရှိနေတယ်လို့ ပြောပါတယ်။
တဖက်မှာလည်း စစ်ကော်မရှင်တပ်တွေ အနေ နဲ့ စစ်တွေကနေပြီးတော့ ပုဏ္ဏားကျွန်းမြို့နယ်တွေကို လက်နက်ကြီးတွေ နဲ့ ရမ်းသမ်းပစ်ခတ်တာတွေ လုပ်ဆောင်လာနေတဲ့ အတွက် ပုဏ္ဏားကျွန်းမြို့နယ်ထဲမှာ ရှိတဲ့ ကျေးရွာ တချို့က ဒေသခံတွေဟာ ဒေသအတွင်းမှာ မနေထိုင်ရဲတာကြောင့် စစ်ဘေးရှောင်စခန်းတွေကို ပြန်လည်ပြောင်းရွှေ့နေထိုင်တာတွေ ရှိနေတယ်လို့လည်း ဒေသခံတွေပြောဆိုချက်အရ သိရပါတယ်။