Home သတင်း စစ်ရေး အာရက္ခတပ်တော်သိမ်းပိုက်ထားတဲ့ ပေါက်တော နဲ့ ပုဏ္ဏားကျွန်းကို စစ်ကော်မ ရှင်တပ်တွေ ပြန်လည်ထိုးစစ်ဆင်မယ်လို့ သတင်းတွေထွက်နေ

အာရက္ခတပ်တော်သိမ်းပိုက်ထားတဲ့ ပေါက်တော နဲ့ ပုဏ္ဏားကျွန်းကို စစ်ကော်မ ရှင်တပ်တွေ ပြန်လည်ထိုးစစ်ဆင်မယ်လို့ သတင်းတွေထွက်နေ

157
1

အာရက္ခတပ်တော်က အပြီးသတ်သိမ်းပိုက်ထားပြီးဖြစ်တဲ့ ပေါက်တော နဲ့ ပုဏ္ဏားကျွန်းမြို့တွေကို စစ်ကော်မရှင်တပ်တွေက ရွေးကောက်ပွဲမတိုင်ခင်မှာ ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်မယ်ဆိုတဲ့ သတင်းတွေ ထွက်နေတာတွေရှိတယ်လို့ စစ်ကော်မရှင်တပ်တွေ နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေကပြောပါတယ်။

အမျိုးသားကာကွယ်ရေး နဲ့ လုံခြုံရေးကောင်စီက သတင်းထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လ ၃၁ ရက်နေ့မှာ ရခိုင်ဒေသကအာရက္ခတပ်တော် အပြီးသတ်သိမ်းပိုက်ထားပြီးဖြစ်တဲ့ မြို့နယ် ၁၄ ​ခုကို အရေးပေါ်ကြေညာပြီးတော့ အဲဒီဒေသတွေကိုလည်း စစ်အုပ်ချုပ်ရေး နဲ့ အုပ်ချုပ်မယ်ထုတ်ပြန် ကြေညာခဲ့ပါတယ်။

အဲဒီလို ကြေညာပြီးနောက်ပိုင်းမှာ စစ်ကော်မရှင်တပ်တွေ ထိမ်းချုပ်မှုအောက်မှာ ရှိနေသေးတဲ့ စစ်တွေမြို့ နဲ့ အနီးဆုံးမှာရှိတဲ့ အာရက္ခတပ်တော်သိမ်းပိုက်ထားပြီးဖြစ်တဲ့ ပေါက်တောမြို့ နဲ့ ပုဏ္ဏားကျွန်းမြို့တွေကို စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ ရက်ပေါင်း ၉၀ အတွင်းမှာ ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်တာတွေ လုပ်ရမယ်ဆိုတဲ့ တပ်တွင်းကနေ သတင်းတွေ ထွက်ပေါ်လာတာ ဖြစ်တယ်လို့ စစ်တွေမြို့နယ်အတွင်းက စစ်ကော်မရှင်တပ်တွေ နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

“ဒီရက်ပေါင်း ၉၀ အတွင်းမှာ ပေါက်တော နဲ့ ပုဏ္ဏားကျွန်းကို ပြန်ထိုးစစ်ဆင်တိုက်ခိုက်တာတွေလုပ်ရမယ်ဆိုပြီးတော့ တပ်ထဲမှာ ပြောနေတာတွေရှိတယ်။ဒီသတင်းက တိကျသလောက်ဖြစ်နေတယ်။တော်တော်များများလည်း အပြောများနေတယ်။ဒီနောက်ပိုင်းမှာဆိုရင် ပိုပြီးတော့ စစ်ကော်မရှင်တပ်တွေဘက်က ပြင်ဆင်လာတာတွေလည်းတွေ့နေရတယ်”လို့ သူကပြောပါတယ်။

စစ်ကော်မရှင်တပ်တွေဟာ လက်ရှိမှာလည်း စစ်တွေမြို့နယ်အတွင်းကို ထောင်ချီတဲ့ စစ်သည်အင်အားတွေပို့ဆောင်ထားတာတွေ ရှိသလို ရေတပ်သင်္ဘောတွေကိုလည်း အရင်ကထက် အစီးရေတိုးချဲ့ကာ အင် အားချထားတာတွေ ရှိနေတယ်လို့ စစ်တွေဒေသခံတွေက ပြောပါတယ်။

ဒါ့အပြင် စစ်ကော်မရှင်တပ်တွေဟာ မနေ့ကလည်း စစ်တွေမြို့ ရွှေမင်းဂံဆိပ်ကမ်းမှာ ရှိနေတဲ့ စစ်ကောင်စီ နေဗီတွေက ပုဏ္ဏားကျွန်းမြို့နယ်တွေကို လက်နက်ကြီးတွေ နဲ့ ပစ်ခတ်တာတွေကိုလုပ်ဆောင်တာတွေလည်း ရှိခဲ့တယ်လို့ စစ်တွေဒေသခံတွေကပြောပါတယ်။

“ကျနော်ကြားသလောက်တော့ သူတို့က လောလောဆယ် ရေကြောင်း၊လေကြောင်း ပစ်ကူတွေပေးပြီးတော့ တပ်အင်အားတွေက ကုန်းကိုရအောင်တက်မယ်ဆိုတဲ့ ဟာမျိုးတွေ ပြောတာတွေရှိနေတယ်။ဒီကိစ္စကတော့ သတိမထားလို့တော့မရဘူး။အခု စစ်ကော်မရှင်တပ်တွေက ပြည်မဘက်က တော်လှန်ရေးတပ်တွေထိန်းထားတဲ့ နယ်မြေတွေကိုလည်း အဲဒီလို စစ်ဆင်ရေးလုပ်ပြီးတော့ ပြန်ထိုးစစ်ဆင်တိုက်ခိုက်နေတာတွေလည်း ရှိနေတော့ သတိတော့ထားဖို့ လိုအပ်တယ်”လို့ အဲဒီ စစ်တွေမြို့နယ်အတွင်းက စစ်ကော်မရှင်တပ်တွေ နဲ့ နီးစပ်သူတစ်ဦးကဆက်လက်ပြောဆိုပါတယ်။

အာရက္ခတပ်တော်ကတော့ ရခိုင်မှာ သိမ်းပိုက်ဖို့ကျန်နေသေးတဲ့ ကျောက်ဖြူမြို့နယ် အတွင်းမှာ စစ်ကော်မရှင်တပ်တွေ နဲ့ နှစ်ဖက်တိုက်ပွဲ အပြင်းအထန်ဖြစ်ပွါးတာတွေရှိနေသလို မာန်အောင် နဲ့ စစ်တွေမြို့တွေကိုလည်း သိမ်းပိုက်နိုင်ရေးအတွက် ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်သွားမယ်လို့ ပြောဆိုထားပါတယ်။

1 COMMENT

LEAVE A REPLY

Please enter your comment!
Please enter your name here