ရန်ကုန်မှာ ရွှေပန်းထိမ်လုပ်ငန်းကို လုပ်ကိုင်နေတဲ့ မာန်အောင်ဒေသခံတစ်ဦးဟာ စစ်ကော်မရှင်တပ်တွေ ရဲ့ စစ်မှုထမ်းဖို့ အတင်းဖမ်းဆီးတာကို ခံလိုက်ရတယ်လို့ ဖမ်းဆီးခံရသူ မိသားစုတွေ နဲ့ နီးစပ်သူတွေက ပြောပါတယ်။
စစ်ကော်မရှင်တပ်တွေရဲ့ ဖမ်းဆီးတာကို ခံခဲ့ရတဲ့ သူကတော့ ရန်ကုန်တိုင်း၊ယုဇနဥယျာဥ်မြို့တော်မှာ နေထိုင်နေတဲ့ မာန်အောင်မြို့ ဇရပ်ကုန်းခင်ကျေးရွာက အသက် ၂၉ နှစ်အရွယ် ကိုချစ်ထူး ဖြစ်တယ်လို့ဆိုပါတယ်။
သူဟာ ပြီးခဲ့တဲ့ဩဂုတ် ၃ ရက်နေ့ ညနေမှာ အလုပ်ကိစ္စ နဲ့ ယုဇနဥယျာဥ်မြို့ တော်ကနေ မြောက်ဒဂုံသွားပြီး အပြန် မဝတကားမှတ်တိုင်မှာ စစ်ကော်မရှင်တပ်တွေရဲ့ ဖမ်းဆီးတာကိုခံလိုက်ရတာဖြစ်တယ်လို့ သူနဲ့ နီးစပ်တဲ့သူတွေကပြောပါတယ်။
စစ်ကော်မရှင်တပ်တွေဟာ ကိုချစ်ထူးကို ဖမ်းဆီးသွားပြီးနောက်မှာတော့မြော က်ဒဂုံထွေအုပ်ရုံးကိုခေါ်ဆောင်သွားခဲ့ပြီးတော့ အဲဒီထွေအုပ်ရုံးကနေတဆင့် ကိုချစ်ထူးကို ငွေကျပ် သိန်း ၁၀၀ နဲ့ ပြန်ရွေးဖို့ အတွက်ကို ဖုန်းဆက်အကြောင်းလာခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီလို ငွေကျပ် သိန်း ၁၀၀ ပေးပြီး ပြန်ရွေးဖို့ အတွက်ကို မိသားစုတွေ အနေ နဲ့ အခက်အခဲ ရှိတဲ့ အတွက် မရွေးနိုင်ခဲ့တဲ့ အတွက် စစ်ကော်မရှင်တပ်တွေဟာတိုက်ကြီးမြို့ အမှတ်(၁) လေ့ကျင့်ရေး သင်တန်းကျောင်းကို စစ်မှုထမ်းသင် တန်းတက်ရောက်ဖို့ပို့ဆောင်ခဲ့ကြတယ်လို့ မိသားစု နဲ့ နီးစပ်သူတစ်ဦးကပြောပါတယ်။
“သူ့ကိုဖမ်းပြီးတော့ မြောက်ဒဂုံထွေအုပ်ရုံးကိုခေါ်သွားတယ် အဲဒီကနေပြီးတော့ မိသားစုတွေကိုဖုန်းဆက်လာတယ် ငွေကျပ် သိန်း ၁၀၀ နဲ့ ရွေးရင်ပြန်လွှတ်ပေးမယ်လို့။သူတို့ကလည်း သူများဆီမှာရွှေပန်းထိမ်လက်ခစားလုပ်နေတော့ သိန်း ၁၀၀ နဲ့ မရွေးနိုင်ဘူးလေ။ ပြီးရင် သိန်း ၁၀၀ ပေးရင်လွှတ်ပေးမှာသေချာလားမေးတော့လည်း သေသေချာချာ အာမခံမပြောကြတော့ မိသားစုကလည်း ချေးငှားပြီးတော့ ရွေးဖို့ကလည်း ငွေပါလည်းရှုံးသားလည်းရှုံးဖြစ်မှာ စိုးတယ် အဲဒီတော့ အာမခံပေးရင်ပေးမယ်ပြောတော့ သူတို့က အာမခံမပေးဘူး အဲဒီလို နဲ့ သူဟာ စစ်မှုထမ်း ရမယ်လို့ ထုတ်ပြန်ထားတဲ့ အထဲမှာ ပါတယ်ဆိုပြီးတော့ တိုက်ကြီးမြို့က အမှတ်(၁) လေ့ကျင့်ရေး သင်တန်းကျောင်းကို ပို့လိုက်ပြီလို့ပြောတယ်”လို့သူကပြောပါတယ်။
ဒါ့အပြင် ကိုချစ်ထူး ကို စစ်ကော်မရှင်တပ်တွေ ဖမ်းဆီးပြီးနောက်ပိုင်းမှာ မိသားစုတွေ အနေ နဲ့ တွေခွင့်ပေးဖို့ တောင်းဆိုခဲ့ပေမယ့် တွေ့ခွင့်မပေးခဲ့သလို လက်ရှိမှာလည်း ကိုချစ်ထူး နဲ့ မိသားစုတွေဟာ အဆက်မရဘဲဖြစ်နေတယ်လို့ ဆိုပါတယ်။
ဒီလို ဆက်သွယ်ခွင့် မရတဲ့ အတွက် ကိုချစ်ထူး မိသားစုဝင်တွေဟာ စိုးရိမ်မှုတွေ ရှိနေပြီးတော့ စစ်မှုထမ်းပို့ဆောင်ခံထားရပေမယ့် အဆက်အသွယ်လုပ်ခွင့်လေးတော့ ပေးစေချင်တယ်လို့လည်း မိသားစုတွေက ဆိုကြပါတယ်။
စစ်ကော်မရှင်တပ်တွေဟာ ရန်ကုန်မြို့နယ် အတွင်းမှာ ရခိုင်လူမျိုးတွေကို မကြာခဏဆိုသလိုဖမ်းဆီးကာ စစ်သင်တန်းပို့တာ ငွေညှစ်တာတွေကို လုပ် ဆောင်မှုတွေလည်း ဆက်တိုက်ရှိနေတယ်လို့ ရန်ကုန်ရောက် ရခိုင်အသိုင်း အဝိုင်းတွေက ပြောဆိုကြပါတယ်။