နယ်စပ်ကိုဖြတ်ကျော်ပြီးတော့ ပို့ဆောင်မယ့်ကျပ်ဘီလီယံ ၂၅၇ ကျပ်ကျော်တန်ဖိုးရှိတဲ့ မှုးယစ်ဆေးဝါးတွေဟာ အာရက္ခတပ်တော်- AA နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ -SSPP က ဗိုလ်မှူး နှစ်ဦး နဲ့ ဆက်စပ်နေတယ်လို့ စစ်ကော်မရှင်အဖွဲ့က ဩဂုတ်လ ၂၂ ရက်နေ့ နေ့စွဲ နဲ့ သတင်းထုတ်ပြန်လာပါတယ်။
အဲဒီလို စွပ်စွဲခံရသူတွေကတော့ အာရက္ခတပ်တော် AA က ဗိုလ်မှူးအဆင့်ရှိတဲ့ ကိုရေးဆိုတဲ့ သူ နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ-SSPP/SSA က ဗိုလ်မှူးအဆင့်ရှိတဲ့ စိုင်းစုဆိုတဲ့ သူတို့ ဖြစ်ကြတယ်လို့ စစ်ကော်မ ရှင်လက်အောက်ခံ မူး/ယစ်ရဲတပ်ဖွဲ့က ပြောဆိုထားတာလည်းဖြစ်ပါတယ်။
ဒီမှုးယစ်ဆေးတွေဟာ ရွှေပြည်သာမြို့နယ် နဲ့ ကွမ်းခြံကုန်းမြို့နယ်တွေကတဆင့် ရခိုင်ကိုပို့ဆောင်ပြီးတော့ ရခိုင်ကနေတဆင့် ဘင်္ဂလားဒေ့ရှ်နယ်စပ် နဲ့ မလေးရှားရေပိုင်နက်ကို ပို့ဆောင်ဖို့ အတွက် SSPP/SSA ရဲ့ ဌာနချုပ် ကျေးသီးမြို့ ဝမ်ဟိုင်းကျေးရွာမှာ နေထိုင်နေတဲ့ SSPP က ဗိုလ်မှူးအဆင့်ရှိတဲ့ စိုင်းစုက အဓိကစီမံခန့်ခွဲလုပ်ကိုင်တာ ဖြစ်တယ်လို့ ဆိုထားပါတယ်။
အာရက္ခတပ်တော်ရဲ့ AA ရဲ့ (အကောက်ခွန်မှူး) ဗိုလ်မှူးအဆင့်ရှိတဲ့ ကိုရေးကတော့ ဒီမူးယစ်ဆေးတွေဟာ ရခိုင်ကို ဖြတ်သန်းသွားတဲ့ အတွက် နယ်စပ်ဖြတ်ကျော်ခ အနေ နဲ့ ဆေးပြားတသောင်းကို ကျပ်သုံးသိန်းနှုန်း နဲ့ အကောက် အခွန်ကောက်ယူနေတဲ့ သူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။
စစ်ကော်မရှင်ဟာ ဒီနယ်စပ်ဖြတ်ကျော်ပို့ဆောင်မယ့် စိတ်ကြွရူးသွပ်ဆေးပြား ၂၁၈ သိန်း နဲ့ အိုက်စ်(မက်သ်အဖက်တမင်း) ၆၆၁၄ ဒသမ ၂ ကီလိုကို ဩဂုတ်လ ၅ ရက်နေ့မှာ ရွှေပြည်သာမြို့နယ် နဲ့ ကွမ်းခြံကုန်းမြို့နယ်တွေမှာ ကွင်းဆက်ဖော်ထုတ်မှုတွေကနေတဆင့် ယစ်ဆေးဝါးတွေ နဲ့ အတူ လူ ၁၃ ဦး နဲ့ စက်လှေ ၆ စီး၊ မော်တော်ယာဉ် ၁၂ စီး၊ ဂြိုလ်တုဖုန်း ၄ လုံးကို ဖော်ထုတ်ဖမ်းမိခဲ့တာဖြစ်ပြီးတော့ လွတ်မြောက်နေသူ ၉ ဦးလည်းရှိနေသေး တယ်လို့ဆိုထားပါတယ်။
လက်ရှိအမှုနဲ့ ဆက်နွယ်ပြီးတော့ဖမ်းဆီးဖို့ကျန်နေသေးတဲ့ သူတွေ နဲ့ ကွင်းဆက်ပြစ်မှုကျူးလွန်သူတွေကိုလည်း စစ်ကော်မရှင်အနေ နဲ့ ဆက်လက်ဖော်ထုတ်နေတာတွေရှိပြီးတော့ ဒီမူးယစ်ဆေး နဲ့ ပတ်သက်ပြီးတော့ ရရှိလာတဲ့ ငွေကြေးအကျိုးအမြတ်တွေ နဲ့ ပိုင်ဆိုင်မှုတွေအားလုံးကိုလည်း ပြည်သူ့ဘဏ္ဍာ အနေ နဲ့သိမ်းဆည်းမှာ ဖြစ်ပြီးတော့ ငွေကြေးခဝါချမှုတိုက်ဖျက်ရေး ဥပဒေ နဲ့လည်း ထပ်မံအရေးယူသွားမယ်လို့ဆိုထားပါတယ်။
စစ်ကော်မရှင်ဟာ အရင်ကတည်းကပင် မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိတိုင်းမှာ တော်လှန်ရေးတပ်ဖွဲ့တွေ နဲ့ တိုင်ရင်းသားလက်နက်ကိုင်တွေကို စွက်စွဲ ပြောဆိုကာ ထုတ်ပြန်တာတွေလည်း ရှိပါတယ်။