စစ်ကော်မရှင် အနေ နဲ့ စစ်ရာဇဝတ်မှု နဲ့ လူသားမျိုးနွယ်အပေါ် ပြစ်မှုကျူးလွန်နေတာကို ပြန်ထန်စွာ ကန့်ကွက်ရှုတ်ချတယ်လို့ အာရက္ခတပ်တော် က သတင်းထုတ်ပြန်ပြောဆိုလာပါတယ်။
စစ်ကော်မရှင်ဟာ ပြီးခဲ့တဲ့ ဩဂုတ်လ (၂၅) ရက်နေ့၊ ည (၁၁) နာရီ ( ၂၅) မိနစ်လောက်မှာ အာရက္ခတပ်တော် က အပြီးသတ်သိမ်းပိုက်ရရှိထားပြီး တည်ငြိမ်အေးချမ်းစွာနေထိုင်နေတဲ့ မြောက်ဦးမြို့ အတွင်းက ဒိုင်းကျီရပ်ကွက်ကို ဂျက်ဖိုက်တာနဲ့ ပေါင် ၅၀၀ ဗုံး (၂) လုံး ကြဲချတိုက်ခိုက်တာကို လုပ်ဆောင်ခဲ့ပါတယ်။
အဲဒီလို တိုက်ခိုက်မှုကြောင့် မြောက်ဦးမြို့ အတွင်းက ဒိုင်းကျီရပ်ကွက်မှာ အလှူလုပ်ဖို့ ပြင်ဆင်နေတဲ့ နေအိမ်အနီးဝန်းကျင်ကို ကျရောက်ပေါက်ကွဲမှု ဖြစ်ပွါးခဲ့တဲ့ အတွက် အဲဒီအနီးအနားမှာ နေထိုင်နေကြတဲ့ ကလေး ငယ် (၅) ဦး အပါအဝင် အပြစ်မဲ့ အရပ်သားပြည်သူ (၁၂) ဦး သေဆုံးခဲ့ရပြီး နောက်ထပ်ပြည်သူ (၂၀) ဦးလည်း ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့ရလို့ အဲဒီအနီးဝန်းကျင်မှာ ရှိတဲ့ နေအိမ် (၈) လုံးဟာလည်း များစွာ ပျက်စီးသွားခဲ့ရပါတယ်။
စစ်ကော်မရှင်အနေ နဲ့ ဒီတိုက်ခိုက်မှုကို ညအချိန် လူအများ အိပ်မောကျနေတာကို အခွင့်ကောင်းယူပြီးတော့ အပြစ်မဲ့အရပ်သားပြည်သူတွေ ထိခိုက်သေဆုံးမှုများပြားစေဖို့ အတွက် တမင်တကာ ရည်ရွယ်ချက်ရှိရှိဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့လည်း အာရက္ခတပ်တော်က ပြောဆိုထားပါတယ်။
စစ်ကော်မရှင်တပ်တွေဟာ အခုလို အရပ်သားပြည်သူတွေကို ဦးတည်တိုက်ခို က်မှုမျိုးကို အရင်တုန်းကလည်း ၄ ကြိမ်ထက်မနည်း လုပ်ဆောင်တာ ရှိခဲ့တဲ့ အတွက် အပြစ်မဲ့ အရပ်သားပြည်သူတွေ အစုလိုက် အပြုံလိုက် များစွာသေဆုံးတာလည်း ရှိခဲ့ရပါတယ်။


ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ မေလ (၁၄) ရက်နဲ့ (၁၅) ရက်နေ့တွေမှာလည်း ကျောက်တော်မြို့၊ ရွာမရပ်ကွက်ကို ဂျက်ဖိုက်တာနဲ့ (၂) ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားပြည်သူ (၈) ဦး သေဆုံးခဲ့ရပြီး ဒဏ်ရာရသူ စုစုပေါင်း (၁၄) ဦးအထိရှိခဲ့သလို ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ မေလ (၁၃) ရက်နေ့၊ မနက် (၁၀) နာရီ (၀၅) မိနစ်အချိန်မှာလည်း ရသေ့တောင်မြိုနယ်၊ ထွန်းရဝေရွာဟောင်းကို ဂျက်ဖိုက်တာ နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ အတွက် အပြစ်မဲ့အရပ်သား သေဆုံးသူ (၁၂) ဦး နဲ့ ဒဏ်ရာရရှိသူ (၂၃) ဦး နဲ့ လူနေအိမ် (၃၁) လုံး ပျက်စီးခဲ့တာတွေလည်း ရှိခဲ့ပါတယ်။
အဲဒီလိုပဲ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၁၈) ရက်နေ့ ညနေပိုင်းမှာလည်း မြောက်ဦးမြိုနယ်၊ ရမ်းချောင်းရွာအနီးတစ်ဝိုက်ကို စစ်ကော်မရှင်တပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ အတွက် အဲဒီပတ်ဝန်ကျင်မှာ အာရက္ခတပ်တော်က ထိန်းသိမ်းထားတဲ့ စစ်ကော်မရှင်တပ်တွေရဲ့ စစ်သုံပန်းမိသားစုဝင်တွေထဲက ကလေးငယ် နဲ့ အမျိုးသမီးစုစုပေါင်း (၂၈) ဦးသေဆုံးပြီးတော့ (၂၅) ဦးထိခိုက်ဒဏ်ရာ ရတာတွေရှိခဲ့သလို ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၈) ရက်နေ့၊ နေ့လယ် (၁) နာရီ (၂၀) မိနစ်ကလည်း ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ကျေးရွာ စစ်ကော်မရှင်တပ်က အခုလို ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား သေဆုံးသူ (၂၆) ဦး နဲ့ ၊ ဒဏ်ရာရရှိသူ (၁၂) ဦး ရှိခဲ့ပြီးတော့ လူနေအိမ် (၃၉၈) လုံးပျက်စီးခဲ့ရတာလည်း ရှိခဲ့ပါသေးတယ်။
စစ်ကော်မရှင်တပ်တွေဟာ သူတို့ စစ်ရေး အရှုံး နဲ့ ဆက်တိုက်ရင်ဆိုင်နေရတဲ့ အချိန်မှာ စစ်ဘက် နဲ့ မသက်ဆိုင်တဲ့ စာသင်ကျောင်း၊ ဆေးရုံဆေးခန်း၊ဈေး၊ ဘာသာရေးအဆောက်အုံ၊ လမ်းတံတားတွေ၊ စစ်ဘေးရှောင်စခန်းတွေ နဲ့ လူနေထူထပ်တဲ့ မြိုရွာ ရပ်ကွက်လိုနေရာတွေကို ပစ်မှတ်ထား တိုက်ခိုက်တဲ့ လုပ်ရပ်တွေ၊လူစိတ်ကင်းမဲ့တဲ့တိုက်ခိုက်မှုမျိုးတွေကို ရခိုင်ဒေသတွေမှမက နိုင်ငံအနှံအပြားမှာ နေ့စဉ်ရက်ဆက် ပြုလုပ်နေပြီးတော့ စစ်ရာဇဝတ်မှုတွေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ကျူးလွန်နေတာလည်း ဖြစ်ပါတယ်။
ဒီလို အပြစ်မဲ့အရပ်သားတွေ ဖြစ်တဲ့ ရခိုင်ပြည်သူတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ပြီးတော့ စစ်ရာဇဝတ်မှုတွေကို နိုင်ငံအနှံ နေ့စဉ် ရက်ဆက် ကျူးလွန်နေတဲ့ စစ်ကောင်စီရဲ့ စစ်ရာဇဝတ်မှု နဲ့ လူသားမျိုးနွယ်အပေါ် ပြစ်မှုကျူးလွန်နေတဲ့ လုပ်ရပ်တွေကို အာရက္ခတပ်တော် အနေ နဲ့ ပြင်းထန်စွာရှုတ်ချတယ်လို့ ဆိုထားပါတယ်။
ဒီလိုလုပ်ရပ်တွေကိုလည်း အာရက္ခတပ်တော် အနေ နဲ့ သက်ဆိုင်ရာနိုင်ငံတကာအဖွဲအစည်းတွေဆီကို ပေးပိုသွားမှာ ဖြစ်သလို အာရက္ခတပ်တော် အနေ နဲ့လည်း လုပ်သင့်လုပ်ထိုက်တာတွေကို ဆက်လက် လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ အာရက္ခတပ်တော်က ထုတ်ပြန်သတိပေးထားပါတယ်။




