Home လူ့အခွင့်အရေး အေအေ ထိန်းချုပ်မှုအောက် က မြို့တွေမှာ လေကြောင်းအန္တရာယ်ကာကွယ်နိုင်ဖို့အများသုံး စတားလင့်အင်တာနက်ဝန်ဆောင်မှု ယာယီပိတ်သိမ်း

အေအေ ထိန်းချုပ်မှုအောက် က မြို့တွေမှာ လေကြောင်းအန္တရာယ်ကာကွယ်နိုင်ဖို့အများသုံး စတားလင့်အင်တာနက်ဝန်ဆောင်မှု ယာယီပိတ်သိမ်း

132
0

အာရက္ခတပ်တော်ထိန်းချုပ်မှု အောက်မှာ ရှိတဲ့ မြို့တွေမှာ စစ်ကော်မရှင်တပ်ရဲ့ လေကြောင်း အန္တရာယ် ကာကွယ်နိုင်ဖို့အတွက် စတားလင့်အင်တာနက်ဝန်ဆောင်မှု ကို ဒီနေ့မနက်ပိုင်းကပင် ယာယီပိတ်သိမ်းလိုက်ပြီးဖြစ်တယ်လို့ ရခိုင်ဒေသခံပြည်သူတွေဆီက သိရပါတယ်။

ရခိုင်လွတ်မြောက်နယ်မြေတွေမှာ အရပ်သားပြည်သူတွေ အင်တာနက် အသုံးပြုခွင့် ရဖို့ အတွက်ကို ပြီးခဲ့တဲ့ ဇူလိုင်လ ၁၇ ရက်နေ့ က စတင်ပြီးတော့ အာရက္ခတပ်တော် ရဲ့ ပြည်သူ့ဝန်ဆောင်မှုဌာနက မြို့နယ်တချို့မှာ အများပြည်သူသုံး စတားလင့် အင်တာနက် ဝန်ဆောင်မှု တချို့ကို ဖွင့်လှစ်ပေးခဲ့တာရှိခဲ့ပါတယ်။

အဲဒီနောက် ဒီရက်ပိုင်းအတွင်းမှာဘဲ စစ်ကော်မရှင်က ရခိုင်က မြို့နယ်တွေကို လေကြောင်းဗုံးကြဲတိုက်ခိုက်တာတွေ ဆက်တိုက် ရှိလာတဲ့ အတွက် ဒီဝန် ဆောင်မှုကို ယာယီ ပိတ်သိမ်းဖို့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော်(ULA/AA)က ပြောဆိုလာတဲ့ အတွက် ယာယီပိတ်သိမ်းလိုက်တာ ဖြစ်တယ်လို့ အာရက္ခတပ်တော် ရဲ့ ပြည်သူ့ဝန်ဆောင်မှုဌာနက တာဝန်ရှိသူ တစ်ဦးကပြောပါတယ်။

“လုံခြုံရေးကြောင့် ပိတ်သိမ်းဖို့ အကြောင်းကြားလာတဲ့ အတွက် ပိတ်သိမ်းရတာ ဖြစ်တယ်”လို့ အဲဒီတာဝန်ရှိသူက ဆိုပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ ၂၅ ရက်နေ့ နဲ့ ၂၆ ရက်နေ့တွေမှာ ရခိုင်ပြည်အတွင်းက အာရက္ခတပ်တော် ထိန်းချုပ်မှုအောက်မှာ ရှိနေတဲ့ မြောက်ဦး၊မင်းပြား၊ပေါက်တော မြို့တွေကို စစ်ကော်မရှင်က လေကြောင်းတိုက်ခိုက်မှု ဆက်တိုက်လုပ်ဆောင်ခဲ့တာရှိခဲ့ပါတယ်။

အဲဒီလို လေကြောင်းတိုက်ခိုက်မှုဆက်တိုက် လုပ်ဆောင်ခဲ့တဲ့ အတွက် မြောက်ဦးမြို့နယ်၊ဒိုင်းကျီရပ်ကွက်အတွင်းက အပြစ်မဲ့ အရပ်သားအပြည်သူ ၁၄ ဦးသေဆုံးခဲ့ရပြီးတော့ နောက်ထပ်ပြည်သူ ၁၈ ဦးဟာလည်း အပြင်းအထန် ဒဏ်ရာရကာ အရေးပေါ်ဆေးကုသမှုတွေ ခံနေကြရပါတယ်။

လက်ရှိ စတားလင့် အင်တာနက်အသုံးပြုမှုကို အဓိက ပိတ်သိမ်းလိုက်တဲ့ နေရာတွေကတော့ အာရက္ခတပ်တော် ရဲ့ ပြည်သူ့ဝန်ဆောင်မှုဌာနကပေးထားတဲ့ အများပြည်သူသုံး Public နေရာတွေ မှာ ဖွင့်လှစ်ထားတဲ့ ဝန်ဆောင်မှုတွေ ကိုအဓိကထားပြီးတော့ ပိတ်သိမ်းနေတာဖြစ်ပြီးတော့ တချို့ကိုတော့ အကန့် အသတ် နဲ့ ဖွင့်ပေးထားတာရှိတယ်လို့ အာရက္ခတပ်တော် ထိန်းချုပ်နယ်မြေထဲမှာ ရှိနေတဲ့ သတင်းထောက် တစ်ဦးကပြောပါတယ်။

“အခုဟာက Public နေရာတွေ မှာ ဖွင့်လှစ်ထားတဲ့ ဝန်ဆောင်မှုတွေ ကိုအဓိကထားပြီးတော့ ပိတ်သိမ်းနေတာဖြစ်တယ်။ဒီမနက်က စပြီးတော့ ပိတ်တာပေါ့ သတင်းထောက်တွေ အတွက်တော့ ဖွင့်ပေးထားပါတယ်”လို့ သူကပြောပါတယ်။

ရခိုင်မှာ တကျော့ပြန်တိုက်ပွဲဖြစ်ပွါးချိန်ကတည်းကပင် စစ်ကော်မရှင်က ဖုန်းလိုင်းအင်တာနက်လိုင်းတွေကို ဖြတ်တောက်ထားခဲ့တဲ့ အတွက် ပြည်သူတွေဟာ သတင်းသိပိုင်ခွင့်တွေ နဲ့ တခြားစီးပွါးရေးလုပ်ငန်းတွေ လုပ်ကိုင်တဲ့နေရာတွေမှာ အခက်အခဲတွေ နဲ့ ရင်ဆိုင်ခဲ့ကြရပါတယ်။

အဲဒီနောက်မှာ အာရက္ခတပ်တော် အနေ နဲ့ သူတို့ သိမ်းပိုက်ထားပြီးဖြစ်တဲ့ မြို့နယ်တွေမှာ စတားလင့်အင်တာနက် ဝန်ဆောင်မှုကို ပေးဖို့အတွင် ပြင်ဆင်နေချိန်မှာဘဲ ဒေသတွင်းက လုံခြုံရေးအခြေအနေ တွေ နဲ့ ပတ်သက်တဲ့ သတင်းတချို့ပေါက်ကြားမှုတွေ ရှိခဲ့ပြီး စစ်ကော်မရှင်က အရပ်သားပြည်သူတွေကို ပစ်မှတ်ထားတဲ့ လေကြောင်းတိုက်ခိုက်မှု ဆက်တိုက်ရှိလာနေတဲ့ အတွက် ဒီစတားလင့် အင်တာနက်ဝန်ဆောင်မှုကိုလည်း ပြန်လည် ပိတ်သိမ်းခံလိုက်ရတာလည်း ဖြစ်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here