တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တစ်ခုဖြစ်တဲ့ ကရင်အမျိုးသားအစည်းအရုံး – Kayin National Union-KNUကို စစ်ကော်မရှင်က မတရားအသင်း နဲ့ အကြမ်းဖက်အုပ်စုအဖြစ် ဒီနေ့ ဩဂုတ်လ ၂၈ ရက်နေ့မှာ အာဏာသိမ်း စစ်ကော်မရှင်က ထုတ်ပြန်ကြေညာလာပါတယ်။
ကရင်အမျိုးသားအစည်းအရုံး – Kayin National Union – KNU နဲ့ အဖွဲ့ဝင်တွေ၊အဲဒီအဖွဲ့ကိုဖွဲ့ ကနေ ဖွဲ့စည်းထားတဲ့အဖွဲ့အစည်းတွေ ၊အဖွဲ့အစည်း နဲ့ ဆက်နွယ်တဲ့ ပုဂ္ဂိုလ်တွေရဲ့ ရည်ရွယ်ချက် နဲ့ လုပ်ရပ်တွေဟာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ရဲ့ တရားဥပဒေ စိုးမိုးရေး၊ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ အများပြည်သူတွေရဲ့ အေးချမ်းသာယာရေးတွေကို အနှောင့်အယှက်အန္တရာယ်ဖြစ်တယ်လို့ အာဏာသိမ်း စစ်ကော်မရှင် ရဲ့ နိုင်ငံတော်ယာယီသမ္မတ အနေ နဲ့ ယူဆတဲ့ အတွက် ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်တာဖြစ်တယ်လို့ ဆိုထားပါတယ်။
အဲဒါကြောင့်အာဏာသိမ်း စစ်ကော်မရှင်ရဲ့ နိုင်ငံတော်ယာယီသမ္မတက ကရင်အမျိုးသားအစည်းအရုံး – KNU မတရားအသင်းများအက်ဥပဒေ ပုဒ်မ ၁၆ အရ မတရားအသင်းများအက်ဥပဒေ ပုဒ်မ ၁၅၊ ပုဒ်မခွဲ (၂)ပါ အဓိပ္ပါယ်ဖော်ပြချက်တွေ နဲ့ အညီ ပြည်ထဲရေးဝန်ကြီးဌာန က မတရားအသင်းအဖြစ်ကြေညာလိုက်တာ နဲ့ အတူ အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့ကလည်း အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၆၊ ပုဒ်မခွဲ (င) နဲ့ ပုဒ်မ ၇၂ ၊ ပုဒ်မခွဲ (ခ)ပါ လုပ်ပိုင်ခွင့်ကို ကျင့်သုံးပြီးတော့ ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ သဘောတူညီချက် နဲ့ ကရင်အမျိုးသားအစည်းအရုံး – KNU ကို အကြမ်းဖက်အုပ်စုအဖြစ် ထပ်မံကြေညာတာဖြစ်တယ်လို့ ဆိုထားပါတယ်။
ဒါ့အပြင် ကရင်အမျိုးသားအစည်းအရုံး-KNUတိုင်းရင်းသာ လက်နက်ကိုင် အဖွဲ့ဟာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေအရ အကြမ်းဖက်မှုတွေဖြစ်တဲ့ အများပြည်သူရဲ့ လုံခြုံရေး ကိုဖြစ်စေ၊ အသက်အိုးအိမ်စည်းစိမ်ကိုဖြစ်စေ၊ အများပြည်သူ ဒါမှမဟုတ် တစ်ဦးတစ်ယောက်အတွက် အရေးကြီးတဲ့ အခြေခံအဆောက်အအုံတွေကိုဖြစ်စေ၊ နိုင်ငံပိုင်အဆောက်အအုံ၊ ယာဉ် ၊ စက်ပစ္စည်း ကိရိယာ နဲ့ အသုံးအဆောင်ပစ္စည်းတွေကိုဖြစ်စေ ပြင်းထန်စွာ ထိခိုက်ဆုံးရှုံးစေရန် ပြုလုပ်မှုတွေကို ကျူးလွန်နေတယ်လို့ စစ်ကော်မရှင်ရဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့ထုတ်ပြန်ချက်မှာ စွပ်စွဲထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် ကရင်အမျိုးသားအစည်းအရုံး-KNU ဟာ အများပြည်သူအသုံးပြုနေတဲ့ လမ်း၊ တံတားတွေကိုလည်း မိုင်းထောင်ဖောက်ခွဲဖျက်ဆီးတာ၊ လူနေထူထပ်တဲ့ မြို့ရွာတွေကို အဝေးကနေပြီးတော့လက်နက်ကြီးတွေ နဲ့ ပစ်ခတ်တိုက်ခိုက်တာ ၊ Drop Bomb တွေချ တိုက်ခိုက်တာ၊ အပြစ်မဲ့ပြည်သူတွေကို သတ်ဖြတ်တာ ၊ အတင်းအဓမ္မလူသစ် စုဆောင်းတာ၊ နိုင်ငံပိုင် အဆောက်အအုံ၊ ယာဉ်၊ စက်ပစ္စည်းကိရိယာ နဲ့ အသုံးအဆောင်ပစ္စည်းတွေကို ဖျက်ဆီးတဲ့ အကြမ်းဖက်လုပ်ရပ်တွေကို နိုင်ငံတော်အတွင်းမှာအခြေပြုပြီးတော့ အကြမ်းဖက်မှုတွေကို ကျူးလွန်နေတယ်လို့လည်း စစ်ကော်မရှင်ရဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့က စွပ်စွဲ ထုတ်ပြန်ထားပါတယ်။




