ရခိုင်က အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရလက်အောက်မှာ တာဝန်ထမ်းဆောင်နေကြတဲ့ အကြီးအကဲတွေ၊ ဝန်ထမ်းတွေ အနေ နဲ့ ခွင့်ပြုချက်မရှိဘဲ သတင်းအင်တာဗျူးဖြေတာ၊အွန်လိုင်းမှာရေးသား ဖြန့်ဝေတာတွေကို မလုပ်ကြဖို့ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ က ညွန်ကြားချက်ထုတ်ထားတယ်လို့သိရပါတယ်။
ဒီလို အင်တာဗျူးဖြေဆိုမှု နဲ့ ပတ်သက်ပြီးတော့ ကန့်သတ်မှု တချို့ကို ပြီးခဲ့တဲ့ လေကြောင်းတိုက်ခိုက်ခံရမှု ဖြစ်စဉ်ဖြစ်ပွါးပြီးနောက်မှာ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက အခုလိုညွန်ကြားစာထုတ်ကာ တားမြစ်လိုက်တာ ဖြစ်တယ်လို့ လည်း ဆိုပါတယ်။
လက်ရှိမှာ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရလက်အောက်မှာ တာဝန်ထမ်းဆောင်နေကြတဲ့ တချို့သောဝန်ထမ်းတွေဟာ ဗဟိုဌာနချုပ်ရဲ့ ခွင့်ပြုချက်မရှိဘဲ မိမိတို့ အလိုအလျောက် သတင်းဌာနတွေ နဲ့ အင်တာဗျူးပြုလုပ်တာတွေကို တွေ့နေရပြီးတော့ ဒီလို အင်တာဗျူးဖြေကြားတဲ့ အခါမှာလည်း အာရက္ခပြည်သူ့အစိုးရ ရဲ့ မူဝါဒ နဲ့ ကွဲလွဲကာပြောကြားမိတာ၊သတင်းအချက်အလက်အမှားကိုပြောဆိုမိတာရှိနိုင်တဲ့ အတွက် နောက်ဆက်တွဲ အနေ နဲ့ရှုပ်ထွေးမှုတွေ ဖြစ်လာနိုင်တယ်လို့ အဲဒီညွန်ကြားချက်စာမှာ ဖော်ပြထားပါတယ်။
အဲဒါကြောင့် အာရက္ခပြည်သူ့အစိုးရ ရဲ့ သက်ဆိုင်ရာဌာန အသီးသီးမှာတာဝန်ထမ်းဆောင်နေကြတဲ့ ဝန်ထမ်းတွေ အနေ နဲ့ ဗဟိုဌာနချုပ်ရဲ့ ခွင့်ပြုချက်မရှိဘဲ မည်သူတစ်ဦးတစ်ယောက်မျှ သတင်းဌာနတွေ နဲ့ အင်တာဗျူးတာ၊အွန်လိုင်းတွေမှာ ရေးသားတာကို မလုပ်ဆောင်ဘဲ အာရက္ခပြည်သူ့အစိုးရရဲ့ ညွန်ကြားချက်ကို တိတိကျကျ လိုက်နာကိုလည်း ဒီညွန်ကြားစာမှာ ဖော်ပြထားပါတယ်။
အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ အနေ နဲ့ ရခိုင်ပြည်အလုံးစုံလွတ် မြောက်ရေး နဲ့ပြန်လည်တည်ဆောက်ရေးလုပ်ငန်းတွေကို အဆင့်ဆင့်အကောင်အ ထည်ဖော်ဆောင်ရွက်နေတာနဲ့ အညီ ထုတ်ပြန်သင့်တဲ့ သတင်းအချက်အလက်တွေ ပြည်သူတွေ နဲ့ ပြင်ပ မီဒီယာတွေ အချိန် နဲ့ တပြေးညီ သတင်းနဲ့ ပြန်ကြားရေးဌာန က ထုတ်ပြန်ပေးတာတွေ ရှိနေတယ်လို့ ဆိုပါတယ်။