အာရက္ခတပ်တော်က အပြီးသတ်ထိန်းချုပ်ထားပြီးဖြစ်တဲ့ မြို့တွေမှာ တရားမဝင် ပြင်ပ အရက်၊ဘီယာ၊ ဝိုင် စတဲ့ မူးယစ်ကုန်ပစ္စည်းတွေကို တင်သွင်းရောင်းချတာ မလုပ်ဖို့ ကို အာရက္ခပြည်သူ့တော်လှန်ရေး အစိုးရ က ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၁၉ ရက်နေ့ကတည်းကပင်ထုတ်ပြန်တားမြစ်ခဲ့ပြီးတော့ ရောင်းချသူတွေကို အရေးယူဆောင်ရွက်တာတွေ လုပ်ဆောင်မယ်လို့ ကြေညာထားခဲ့ပါတယ်။
အဲဒီနောက်မှာတော့ အာရက္ခပြည်သူ့တော်လှန်ရေး အစိုးရ ရဲ့ တရားဥပဒေစိုးမိုးရေး နှင့် ပြည်သူ့လုံခြုံရေးဌာန(DLEPS) က ရခိုင်ပြည်တွင်းမှာ ကန့်သတ်ကုန်ပစ္စည်းတင်သွင်းရောင်းချတာတွေ ရှိ/မရှိဆိုတာတွေကို ဆက်တိုက်စစ်ဆေးမှုတွေလုပ်ဆောင်ခဲ့ပြီးတော့ ဖမ်းဆီးမှုတွေကိုလုပ်ဆောင်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လ ၃၀ ရက်နေ့မှာလည်း တောင်ကုတ်မြို့၊ဝက်ကျိတ်ကျေးရွာ အတွင်းမှာရှိတဲ့ နန်းဒေဝီ KTV ကို အာရက္ခပြည်သူ့တော်လှန်ရေး အစိုးရ ရဲ့ တရားဥပဒေစိုးမိုးရေး နှင့် ပြည်သူ့လုံခြုံရေးဌာန(DLEPS) က ဝင်ရောက်စစ်ဆေးဖမ်းဆီးမှုတွေ လုပ်ဆောင်ခဲ့တဲ့ အတွက် အဲဒီ KTV အတွင်းမှာ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက ကန့်သတ်ထားတဲ့ တရားမဝင် ပြင်ပအရက်၊ဘီယာရောင်းချနေမှုကို စစ်ဆေးတွေ့ရှိခဲ့ပြီးတော့ ရောင်းချသူတွေကိုလည်း အာရက္ခပြည်သူ့တော်လှန်ရေး အစိုးရ ရဲ့ တရားဥပဒေစိုးမိုးရေး နှင့် ပြည်သူ့လုံခြုံရေးဌာန(DLEPS) အဖွဲ့အနေ နဲ့ အရေးယူဆောင်ရွက်တာတွေကို လုပ်ဆောင်ထားပြီးဖြစ်တယ်လို့ တောင်ကုတ်ဒေသခံတွေက ပြောပါတယ်။
တစ်ဖက်မှာလည်း အာရက္ခပြည်သူ့တော်လှန်ရေး အနေ နဲ့ စစ်ဆေးနေတဲ့ ကြားကနေပြီးတော့ စစ်ကောင်စီထိန်းချုပ်ထားဆဲ ဖြစ်တဲ့ မာန်အောင်မြို့အတွင်းကနေ ရေကြောင်းမှတဆင့် တောင်ကုတ်မြို့နယ် အတွင်းကို တရားမဝင် အရက်ဘီယာတွေ နည်းမျိုးစုံ နဲ့ တင်သွင်းနေတာ ရှိပြီးတော့ ဒီကိစ္စကိုလည်း အာရက္ခပြည်သူ့တော်လှန်ရေး အစိုးရ အနေ နဲ့ သေချာစီစစ်ဖမ်းဆီးတာတွေကို လုပ်ဆောင်ဖို့ လိုအပ်နေတယ်လို့ တောင်ကုတ်ဒေသခံ တစ်ဦးက အခုလိုတောင်းဆိုထားပါတယ်။
“စစ်ဆေးတာကိုတော့ ကျနော်တို့ အနေ နဲ့ လက်ခံတယ်။ နန်းဒေဝီမှာ တာမြစ်ပစ္စည်းတွေရောင်းလို့ ဖမ်းတာကိုလည်းလက်ခံတယ်။မာန်အောင်ကနေပြီးတော့ ဝင်တဲ့ ရေလမ်းကြောင်းတွေကဝင်တာတွေလည်း ရှိနေတယ် ပြီးတော့ တ ဖက်က တလိုင်းတောင်လမ်းကြောင်း က ဓာတ်ဆီတွေပါဆိုပြီးတော့ အရက်တွေကိုတင်သွင်းနေတာလည်း ရှိနေတယ်။အဲဒါတွေကိုလည်း စစ်ဆေးဖို့လိုတယ်။ဖမ်းဆီးအရေးယူပြီးဆိုရင်တော့နည်းနည်းများများ အကုန်လုံးဖမ်းစေချင်တယ်”လို့ သူကတောင်းဆိုပါတယ်။
အာရက္ခတပ်တော် ထိန်းချုပ်ရာမြို့နယ် အတွင်းမှာ တရားမဝင် ပြင်ပ အရက်၊ဘီယာ၊ ဝိုင် စတဲ့ မူးယစ်ကုန်ပစ္စည်းတွေကို တင်သွင်းရောင်းချတာ မလုပ်ဖို့ ကန့်သတ်လိုက်ပြီးတော့ နောက်မှာတော့ ဒေသထွက် အရက်ထုတ်လုပ်တွေကို နည်းလမ်းမျိုးစုံ နဲ့ ထုတ်လုပ်ကာ ရောင်းချတာတွေ ရှိလာခဲ့ပါတယ်။
အဲဒီလို ထုတ်လုပ်ရောင်းချတဲ့ နေရာမှလည်း ဒေသအတွင်းထုတ်လုပ်နေတဲ့ အရက်တွေဟာ သောက်သုံးသင့်မသင့် ဆိုတာတွေကို အာရက္ခပြည်သူ့တော်လှန်ရေး အစိုးရ အနေ နဲ့ သေချာစီစစ်ကာ ထုတ်လုပ်ရောင်းချမှုတွေ လုပ်ဆောင်ပေးဖို့လိုအပ်နေတယ်လို့လည်း ဒေသခံ ရခိုင်ပြည်သူတွေကပြောဆိုနေကြပါတယ်။