ပြစ်မှု ၃ ခုအထိကို ကျူးလွန်ထားပြီးတော့ အာရက္ခတပ်တော် က ဖမ်းဆီးကာ ကျောက်တော်မြို့အချုပ်ခန်းမှာထိန်းသိမ်းပြီးတော့ တရားရင်ဆိုင်နေရတဲ့ အချုပ်သားတစ်ဦး ပြီးခဲ့တဲ့ ဩဂုတ်လ ၂၈ ရက်နေ့မှာ ထွက်ပြေးလွတ်မြောက်သွားတယ်လို့ အာရက္ခတပ်တော် နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်ကပြောပါတယ်။
ထွက်ပြေးလွတ်မြောက်သွားတဲ့ သူကတော့ လူသတ်မှု၊လုယက်မှု၊ဓါးပြတိုက်မှု ပြစ်မှု ၃ ခုထိကိုကျူးလွန်ထားပြီးတော့ တရားရင်ဆိုင်နေရတဲ့ ကျောက်တော်မြို့နယ်၊ကြာညိုပြင်ကျေးရွာဇာတိ၊ပြိန်းချောင်းကျေးရွာမှာနေထိုင်နေတဲ့ အသက် ၃၆ နှစ်အရွယ် ကိုညီညီစိုးဖြစ်တယ်လို့ ဆိုပါတယ်။
အဲဒီလို ထွက်ပြေးလွတ်မြောက်သွားတဲ့ ကိုညီညီစိုးကို အာရက္ခတပ်တော်ရဲ့ တပ်ဖွဲ့ဝင်တွေ နဲ့ တရားဥပဒေစိုးမိုးရေး နှင့် ပြည်သူ့လုံခြုံရေးဌာန(DLEPS) က ထွက်ပြေးသွားတဲ့ နေ့ကတည်းကပင် လိုက်လံရှာဖွယ်တာတွေ လုပ်ဆောင်နေပေမယ့် ဒီနေ့အချိန်ထိပြန်လည်ရှာဖွယ်ဖမ်းဆီးမရနိုင်သေးဘူးလို့ အဲဒီအာရက္ခတပ်တော် နဲ့ နီးစပ်သူ တစ်ဦးက ပြောပါတယ်။
“အဲဒီနေ့ကတည်းကပင်တော့ သူ့ကို ပူးပေါင်းအဖွဲ့တွေကလုက်ရှာတာတွေ ရှိနေတယ်။လက်ရှိလည်း ရှာနေတယ် မတွေ့သေးဘူး။သူက အချုပ်ခန်းကိုဖောက်ပြေးသွားတယ်လို့ပြောတယ်။ကျနော်တို့ကတော့ မထင်ဘူး လူတစ်ယောက်က အချုပ်ခန်းဖောက်ပြီးတော့ ပြေးဖို့ဆိုတာမလွယ်ဘူး ပူးပေါင်းပါဝင်သူ ရှိမှပြေးနိုင်မှာ။ဒီကိစ္စက သွေးရိုးသားရိုးတော့ မဟုတ်တာတော့ သေချာတယ်။အခုအချိန်ထိလည်း ပြန်မဖမ်းမိသေးဘူး”လို့ သူကဆိုပါတယ်။
ဒီအာရက္ခတပ်တော် အချုပ်ခန်းထဲကနေပြီးတော့ ထွက်ပြေးလွတ်မြောက်သွားတဲ့ ကိုညီညီစိုး ဟာ ပြီးခဲ့တဲ့ ဇူလိုင် ၂၄ ရက်နေ့မှာ ကျောက်တော်မြို့ ပြိန်းချောင်းကျေးရွာက အသက် ၆၂ နှစ်အရွယ်ရှိတဲ့ ဒေါ်ဝင်းနုယဥ်ဆိုသူကို လည်လှီး သတ်ဖြတ်ပြီးနောက် ရွှေ ၄ ကျပ်သား နဲ့ ငွေဆယ်သိန်းကျော်ကို ဓါးပြတိုက်၊လူသတ်၊လုယက်ခဲ့တယ်လို့ ကာယကံရှင်ကိုယ်တိုင်က ဝန်ခံထွက်ဆိုထားသူဖြစ်ပေမယ့် တရားစီရင်ရေးပိုင်းမှာ ကြန့်ကြာမှုရှိနေသူ တစ်ဦးလည်းဖြစ်ပါတယ်။
ဒီလိုပြစ်မှုကျူးလွန်ကြောင်းဝန်ခံထွက်ဆိုထားသူကို တရားစီရင်ပိုင်းတွေမှာ ကြန့်ကြာမှု ရှိနေတာ၊ မဖြစ်သင့်မဖြစ်ထိုက်တဲ့ အချုပ်သားတစ်ဦးအနေ နဲ့ ထွက်ပြေးလွတ်မြောက်သွားပြီး အချိန်မှီပြန်မဖမ်းဆီးနိုင်တာဟာ အာရက္ခတပ်တော် နဲ့ အာရက္ခပြည်သူ့တော်လှန်ရေး အစိုးရရဲ့ ကိုင်တွယ်လုပ်ဆောင်မှုတွေ ပေါ့ဆတာတွေကြောင့် ဖြစ်တယ်လို့လည်း ရခိုင်ဒေသခံတွေက ဝေဖန်ထောက်ပြမှုတွေလည်း ရှိနေကြပါတယ်။
“ပြောရင်လည်း ကိုယ့်ပေါင်ကိုလှန်ထောင်းသလိုဖြစ်နေတယ် ဒီလို အချုပ်ခန်းကိုဖောက်ထွက်ပြေးတာတော့၊ပြီးတော့ အချိန်မှီပြန်မဖမ်းဆီနိုင်တာတွေကတော့ သူတို့ကိုင်တွယ်ပုံ ကိုင်တွယ်နည်းတွေမဟုတ်လိုဘဲလို့ပြောချင်တယ်။နောက်တစ်ခုကတော့ အခု အာရက္ခပြည်သူ့တော်လှန်ရေး အစိုးရကိုင်တွယ်နေတဲ့ အမှုတွေထဲမှာ ဖမ်းထားတဲ့ သူတွေဟာ ပြစ်မှုကိုကျူးလွန်ခဲ့တယ်ဆိုပြီးတော့ ဝန်ခံထားပြီးတော့ ဘာမှ မလုပ်နိုင်သေးတဲ့ အမှုတွေလည်း အများကြီးဖြစ်နေတယ်။သူတို့က ဘာလားဆိုပြီးတော့တောင် မေးခွန်းထုတ်ရမယ့် အနေအထားမှာ ရှိနေပြီဖြစ်တယ်”လို့သူက ဝေဖန်ထောက်ပြပါတယ်။
အဲဒါကြောင့် အာရက္ခတပ်တော် နဲ့ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရဟာ ဒေသတွင်းရာဇဝတ်မှုတွေကို ကိုင်တွယ်ဖြေရှင်းတဲ့နေရာမှာ ရှင်းလင်းပြတ်သားစွာ နဲ့ ကိုင်တွယ်ဖြေရှင်းမှုတွေကို လုပ်ဆောင်ဖို့လိုအပ်တယ်လို့လည်း သူက အကြံပြု ပြောဆိုပါတယ်။
ဒီအချုပ်သားထွက်ပြေးလွတ်မြောက်သွားမှု နဲ့ ပတ်သက်ပြီး အသေးစိတ်သိရှိနိုင်ဖို့ အတွက် အာရက္ခတပ်တော် ပြောခွင့်ရ ဦးခိုင်သုခကို CNA အနေ နဲ့ ဆက်သွယ်မေးမြန်းနေဆဲဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ အထဲမှာလည်း သံတွဲမြို့နယ် အတွင်းမှာ ဖောက်ထွင်းခိုးယူမှု နဲ့ အာရက္ခတပ်တော်က ဖမ်းဆီးစစ်ဆေးနေတဲ့ အတာဆိုသူမှာလည်း အာရက္ခတပ်တော်က ဖမ်းဆီးစစ်ဆေးမှုတွေကြားကနေပြီးတော့ ထွက်ပြေးလွတ်မြောက်သွားခဲ့တဲ့ ဖြစ်စဉ်တစ်ခုရှိခဲ့ပါတယ်။
သတင်း – မြတ်သူ