Home နိုင်ငံရေး ရန်ကုန်ရောက် ရခိုင်ဆယ်လီတချို့ကိုစစ်ကော်မရှင်ကဖမ်းဆီးနေ

ရန်ကုန်ရောက် ရခိုင်ဆယ်လီတချို့ကိုစစ်ကော်မရှင်ကဖမ်းဆီးနေ

168
2

Coastal News Agency

ရန်ကုန်မြို့မှာ နေထိုင်ကြတဲ့ ရခိုင်ဒေသခံ ဆယ်လီတချို့ကို စစ်ကော်မရှင်ကဖမ်းဆီးတာ တွေရှိနေတာလည်းဖြစ်ပါတယ်။

မနေ့က ည‌နေပိုင်းမှာလည်း ရခိုင်လူငယ်အဆိုတော်တဦးဖြစ်တဲ့ ALPHA ကို ရန်ကုန်တိုင်း ကျောက်မြောင်းမြို့မှာ စစ်ကော်မရှင်ကဖမ်းဆီးသွားတာလည်းဖြစ်ပါတယ်။ LPHA ရခိုင်ဘာသာ စကားနဲ့ Rap သီချင်းတွေကို သီဆိုပြီး လူသိများလာတဲ့ တက်သစ်စ လူငယ်အဆိုတော် တဉီးလည်းဖြစ်ပါတယ်။

ရခိုင်အဆိုတော် ALPHAကို ဘာကြောင့် ဖမ်းဆီးသွားတယ်ဆိုတာကို အသေးစိတ်မသိရှိရသေးသလို စစ်ကော်မရှင်ကလည်း ဖမ်းဆီးသွားတာ နဲ့ ပတ်သက်ပြီး သတင်းတစ်စုံတရာ ထုတ်ပြန်ထားတာလည်းမရှိသေးပါဘူး။

ဒါ့အပြင် ရန်ကုန်မြို့အတွင်း နေထိုင်တဲ့ ရခိုင်ဆယ်လီတဦးဖြစ်တဲ့ နတ်သမီးလေး ခေါ်ဖြိုးအိအိဇော်ကိုလည်း ပြီးခဲ့တဲ့ ဩဂုတ်လ ၃၀ ရက်နေ့မှာ သူနေထိုင်တဲ့ မင်္ဂလာတောင်ညွန့်မြို့နယ်၊သပြေကုန်းရပ်ကွက် ၊ Wyndham Grand Yangon ဟိုတယ်က နေ စစ်ကော်မရှင်တပ်တွေက ဖမ်းဆီးသွားတာလည်းဖြစ်ပါတယ်။

နတ်သမီး(ခေါ်) မဖြိုးအိအိဇော်ဟာလည်း ရခိုင်ပြည် သံတွဲမြို့ဒေသခံတစ်ဦးဖြစ်ပြီး သူမရဲ့ ပိုင်ဆိုင်မှုတွေကို လူမှုကွန်ယက်တွေပေါ်မှာ ထုတ်ကြွားတာတွေကြောင့် ဆိုရှယ်မီဒီယာပေါ်မှာ လူသိများလာတဲ့ ရခိုင်ဆယ်လီတစ်ဦးလည်း ဖြစ်ပါတယ်။

နတ်သမီး(ခေါ်) မဖြိုးအိအိဇော်ကိုလည်း ဘာကြောင့် ဖမ်းဆီးသွားတယ်ဆိုတာကို အသေးစိတ်မသိရှိရသေးသလို စစ်ကော်မရှင်ကလည်း ဖမ်းဆီးသွားတာ နဲ့ ပတ်သက်ပြီး သတင်းတစ်စုံတရာ ထုတ်ပြန်ထားတာလည်းမရှိသေးပါဘူး။

“အန်တီရဲ့ သမီးလေးကိုခွင့်လွတ်ပေးပါ ကျမတို့ သမီးလေးက စိတ်မမှန်ပါဘူး ပြီးတော့ ငယ်ငယ်ကတည်းကပင်လည်း သူဟာ လိုတရတဲ့ ဘဝကိုရခဲ့ပါတယ်။ဌာနပိုင်းဆိုင်ရာ နဲ့ ပြည်သူပြည်သားတွေ အနေ နဲ့ သူအပြောမတတ်လို့ ဖြစ်သွားတဲ့ စကားတစ်ခွန်းကြောင့် စိတ်လွတ်ပြီးတော့ ပြောမိသွားတာပါ တောင်းပန်ပါတယ်“လို့ နတ်သမီး(ခေါ်)မဖြိုးအိအိဇော်ရဲ့ မိခင်က တောင်းဆိုပါတယ်။

ရခိုင်အဆိုတော်တစ်ဦးဖြစ်တဲ့ တေးသံရှင် မဆုမြတ်ထက်ကိုလည်း စစ်ကော်မရှင်က ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၇ ရက်နေ့ က သူမနေထိုင်တဲ့ ရန်ကုန်တိုင်း တာမွေမြို့နယ်အတွင်းက နေအိမ်မှာ ဖမ်းဆီးခံခဲ့ရပြီးတော့ စစ်ကော်မရှင်က အကြမ်းဖက်မှု ဥပဒေတွေ နဲ့ အမှုဖွင့်ထားတယ်လို့ သိရှိထားရပေမယ့် ဘယ်ပုဒ်မတွေ နဲ့ အမှုဖွင့်ခံထားရတယ် ဆိုတာကိုတော့ လက်ရှိအချိန်ထိ မသိရသေးပါဘူး။

တေးသံရှင် မဆုမြတ်ထက်ကို စစ်ကော်မရှင်တပ်တွေက ဖမ်းဆီးပြီးနောက်မှာတော့ သူရဲ့ နေအိမ်ထဲမှာ ရှိတဲ့ ဘဏ်စာအုပ်တွေ နဲ့ အချို့စာရွက်စာတမ်းတွေကိုသိမ်းဆည်းတာ သူမရဲ့ လူမှုကွန်ရက်အကောင့်တွေကိုလည်း ဝင်ရောက်ရှာဖွေ စစ်ဆေးတာတွေလုပ်ဆောင်ခဲ့တာတွေလည်း ရှိခဲ့တယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။

လက်ရှိမှာတော့ ရန်ကုန်မြို့ အတွင်းမှာ နေထိုင်နေတဲ့ ရခိုင်ဆယ်လီ ၃ ဦးထိကို စစ်ကော်မရှင်က အကြောင်းပြချက်မရှိဘဲ ဆက်တိုက်ဆိုသလို ဖမ်းဆီးတာလည်း ဖြစ်ပါတယ်။

အခုလို ရခိုင်ဆယ်လီတွေ ဖမ်းဆီးခံနေရမှုပတ်သက်ပြီး ရခိုင်လူငယ်တစ်ဦးပြောတာက “အခုလက်ရှိက စစ်ကော်မရှင်က ဆယ်လီတွေကို ဖမ်းနေတယ်ပေါ့နော် ဆိုတော့ အားလုံးသိကြတဲ့ အတိုင်းပါပဲ သူတို့မှာဘာကြောင့် ဖမ်းတယ်ဆိုတဲ့ အကြောင်းပြချက်လဲ မရှိဘူးပေါ့နော် တစ်ယောက်ယောက်တိုင်လို့ ဖမ်းတာလည်းဖြစ်နိုင်တယ် သူတို့ကိုယ်တိုင်စုံစမ်းပြီးတော့ ဖမ်းချင်လို့ ဖမ်းတာလည်းဖြစ်နိုင်တယ်။ပြီးတော့ ရခိုင်ဆယ်လီတစ်ခုတည်းကိုဖမ်းနေတာတော့ မဟုတ်ဘူးပေါ့နော်။ကုန်ရောက်နေတဲ့ တခြားရခိုင်တွေကိုလည်းဖမ်းဆီးတာတွေရှိနေပါတယ်။ဆိုတော့ ဒီကာလမှာတော့ ရန်ကုန်ကိုရောက်နေတဲ့ ရခိုင်တွေ အနေ နဲ့ အသွားအလာအနေအထိုင် အပြောအဆိုတွေက အစ ဆင်ခြင်ပြီးနေသင့်တာပေါ့နော်”လို့ သူကပြောပါတယ်။

နိုင်ငံအနှံစစ်ရေးအရှုံးတွေ နဲ့ ရင်ဆိုင်နေရတဲ့ စစ်ကော်မရှင်ဟာ စစ်မှုထမ်း ဥပဒေကို ပြဌာန်းပြီးနောက်ပိုင်းမှာ မြန်မာနိုင်ငံ အနှံ့က အရပ်သားပြည်သူတွေကို မတရားဖမ်းဆီးကာ တရားစွဲဆိုတာ၊စစ်မှုထမ်းစေလွတ်တာတွေကို ဆက်တိုက်လုပ်ဆောင်နေတာတွေလည်း ရှိနေပါတယ်။

2 COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here