Home သတင်း စစ်ရေး စစ်တွေမှာ မွတ်ဆလင်တွေကို စစ်ကော်မရှင်က စစ်သင်တန်းဆက်တိုက်ပေးတာတွေရှိနေ

စစ်တွေမှာ မွတ်ဆလင်တွေကို စစ်ကော်မရှင်က စစ်သင်တန်းဆက်တိုက်ပေးတာတွေရှိနေ

96
1
ပုံ - စစ်ကော်မရှင်က ခေါ်ယူကာ စစ်သင်တန်းပေးနေတဲ့ မွတ်ဆလင်တွေမြင်တွေ့ရမှု။ပုံဟောင်း။

Coastal News Agency

စစ်တွေမြို့အတွင်းမှာရှိနေတဲ့ မွတ်ဆလင်တွေကို စစ်ကော်မရှင်က စစ်မှုထမ်းဖို့အတွက် စစ်သင်တန်းပေးတာတွေ ဆက်တိုက်ရှိနေတယ်လို့ စစ်တွေမြို့ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၂ ရက်နေ့ ည ၁၁ နာရီဝန်းကျင်မှာလည်း စစ်ကော်မရှင်တပ်တွေဟာ စစ်တွေမြို့ ၊ဘုမေကျေးရွာအတွင်းမှာနေထိုင်နေကြတဲ့ မွတ်ဆလင် ၃၀ ကျော်ကို စစ်သင်တန်းပေးဖို့ အတွက် ကား ၂စီး နဲ့ လာရောက်ခေါ်ယူသွားတာ ရှိခဲ့တယ်လို့ စစ်တွေမြို့ ဒေသခံတစ်ဦးကပြောပါတယ်။

“စစ်တွေမှာတော့ မွတ်ဆလင်တွေကို စစ်သင်တန်းတက်ဖို့ နည်းမျိုးစုံ နဲ့ စစ်ကော်မရှင်က ခေါ်ယူဖမ်းဆီးပြီးတော့ လုပ်နေတာတွေရှိနေတယ်။ပြီးခဲ့တဲ့ ညတုန်းကလည်း ကား ၂စီး နဲ့ ရောက်လာပြီးတော့ မွတ်ဆလင် ၃၀ ကျော်လောက်ကို ခေါ်သွားတာ ရှိတယ်။ အရင်တုန်းကလည်း ဒီလို ခဏခဏခေါ်ပြီးတော့ စစ်ကော်မရှင်က စစ်သင်တန်းပေးနေတာတွေ ရှိနေတယ်”လို့ သူကပြောပါတယ်။

စစ်တွေမြို့ဟာ စစ်ကော်မရှင်ရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေဆဲ ဖြစ်တဲ့ မြို့နယ် တစ်ခုဖြစ်သလို တိုက်ပွဲတွေ အတွင်းမှာ လိုအပ်နေတဲ့ လူအင်အားတွေကို ဖြည့်တင်းနိုင်ဖို့ ပြည်သူတွေကို နည်လမ်းမျိုးစုံ နဲ့ ခေါ်ယူဖမ်းဆီးကာ စစ်သင်တန်းပေးတာတွေကို အဓိက လုပ်ဆောင်ပေးနေတဲ့ မြို့နယ်တစ်ခုလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ အကုန်ပိုင်းမှာလည်း စစ်ကော်မရှင်တပ်တွေဟာ စစ်တွေမြို့နယ် အတွင်းမှာ ရှိတဲ့ သဲချောင်းကျေးရွာ အပါအဝင်ကျေးရွာတချို့က မွတ်ဆလင် ၆၀ ကျော်ကို စစ်မှုထမ်းသင်တန်းအတွက် ညအချိန်မှာ ခေါ်ယူသွားခဲ့တာလည်းရှိခဲ့တယ်လို့ စစ်တွေမြို့နယ်အတွင်းက စစ်ရေး အခြေအနေကို စောင့်ကြည့်နေသူ တစ်ဦးက အခုလိုပြောပါတယ်။

“စစ်တွေမှာက စစ်မှုထမ်းသင်တန်းပေးတာ အပတ်စဉ် ၈ ကိုရောက်နေပြီ တော်တော်များများကတော့ မွတ်ဆလင်တွေကိုပေးတာရှိတယ်။အခုလည်း မွတ်ဆလင် ၂၀၀ ဝန်းကျင်လောက်ကိုက စစ်ကော်မရှင်ကစစ်သင်တန်းပေးဖို့လုပ်နေတာ ရှိတယ်။ဒီမွတ်ဆလင်တွေကိုက စစ်ကော်မရှင်က အတင်းဖမ်းဆီးသင်တန်းပေးတာလားဆိုတာကလည်း သေသေချာချာခွဲခြားပြောဖို့ခက်တယ်။စစ်မှုထမ်းလိုအပ်ချက်တွေ အရ ဒီမွတ်ဆလင် အုပ်ချုပ်ရေးမှူးတွေဆီကနေ ပြီးတော့ ညအချိန်မှာ သွားခေါ်တဲ့ဟာတွေဖြစ်တယ်”လို့ သူကပြောပါတယ်။

လက်ရှိမှာလည်း စစ်ကော်မရှင်တပ်တွေဟာ မွတ်ဆလင်ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို အစည်းအဝေးခေါ်ယူကာ ကျေးရွာလူဦးရေအလိုက် တစ်ရွာကို လူဦးရေ ၆၀ ကနေ ၂၀ အထိတောင်းခံထားတာတွေ ရှိနေပြီးတော့ အဲဒီလူတွေကိုလည်း စစ်ကော်မရှင်တပ်တွေက သွားရောက်ခေါ်ယူကာ စုဆောင်းနေတာတွေလည်း ရှိနေတယ်လို့ သူက ဆက်လက်ပြောဆိုပါတယ်။

ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီရဲ့ ဩဂုတ် ၂၉ ရက်နေ့ထုတ်အစီရင်ခံစာဖော်ပြချက်အရ စစ်တွေမြို့နယ်အတွင်းမှာ ရှိတဲ့ မွတ်ဆလင်ကျေးရွာအများစုဟာ စစ်ကော်မရှင်တပ်အတွက် စစ်မှုထမ်းသင်တန်းသား အနေ နဲ့ ကျေးရွာ တစ်ရွာကို လူ ၃၀ ဦးစီပေးနေရတာရှိပြီးတော့ ငြင်းဆိုသူတွေကို ရိုက်နှက်ခံရတာ ဒါမှမဟုတ် ကျေးရွာအတွင်းကနေ အတင်းအဓမ္မနှင်ထုတ်ခံရတာတွေကို စစ်ကော်မရှင်တပ်တွေက လုပ်ဆောင်တာတွေ ရှိနေတယ်လို့ အဲဒီအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

1 COMMENT

LEAVE A REPLY

Please enter your comment!
Please enter your name here