ရခိုင်မှာ အမျိုးသမီး ၄ ဦးကို အကြိမ်ကြိမ် အဓမ္မပြုကျင့်ခဲ့တဲ့ တရားခံတစ်ဦးကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ ခရိုင်တရားရုံးက အလုပ်ကြမ်း နဲ့ ထောင်ဒဏ်နှစ် ၄၀ ချမှတ်လိုက်တယ်လို့ ခရိုင်တရားရုံး နဲ့ နီးစပ်တဲ့ သူတွေကပြောပါတယ်။
ဒီအမှုကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ မြောက်ဦးခရိုင်တရားရုံးက စက်တင်ဘာလ ၁ ရက်နေ့မှာ ချမှတ်လိုက်တာဖြစ်တယ်လို့ ဆိုပါတယ်။ အဲဒီလို အမျိုးသမီး ၄ ဦးကို အကြိမ်ကြိမ်အဓမ္မပြုကျင့်ခဲ့သူကတော့ ကျောက်တော်မြို့၊ ပြည်တော်သာရပ်ကွက်က အသက် ၂၅ နှစ်အရွယ် ဇော်ဇော်နိုင်(ခ)လဖြူချေ ဆိုသူဖြစ်တယ်လို့ ဆိုပါတယ်။
သက် ၂၅ နှစ်အရွယ် ဇော်ဇော်နိုင်(ခ)လဖြူချေဟာ ၂၀၂၅ ခုနှစ် နဲ့ ၂၀၂၄ ခုနှစ် ၂ နှစ်အတွင်းမှာ ကျောက်တော်မြို့နယ် အတွင်းက အမျိုးသမီး ၂ ဦး နဲ့ မြောက်ဦးမြို့နယ် အတွင်းက အမျိုးသမီး ၂ ဦးကို အကြိမ်ကြိမ် အဓမ္မပြုကျင့်တာကို လုပ်ဆောင်ခဲ့တာလည်း ဖြစ်ပါတယ်။
သက် ၂၅ နှစ်အရွယ် ဇော်ဇော်နိုင်(ခ)လဖြူချေ အဓမ္မပြုကျင့်တာကို ခံခဲ့ရတဲ့ သူတွေကတော့ ကျောက်တော်မြို့နယ်၊လိပ်မကျေးရွာက အသက်၂၀ အရွယ် အမျိုးသမီးတစ်ဦး၊ ကျောက်တော်မြို့နယ်၊ မြင်းကြပ်ကျေးရွာက အသက် ၁၇ နှစ်အရွယ်အမျိုးသမီးငယ်တစ်ဦးမြောက်ဦးမြို့နယ်၊ ဆင်အိုးကြီးရွာမှာနေထိုင်တဲ့ အသက် ၂၅ နှစ်အရွယ် အမျိုးသမီးတစ်ဦး နဲ့ မြောက်ဦးမြို့၊လက်ကောက်ဈီးရပ်ကွက်က အသက် ၁၄ နှစ်အရွယ် အမျိုးသမီးတစ်ဦးတို့ ဖြစ်ကြပါတယ်။
အဲဒီလို အမျိုးသမီးတွေ ၄ ဦးအပေါ်မှာ အဓမ္မပြုကျင့်ခဲ့သူကို ရာဇသတ်ကြီး ပုဒ်မ-၃၆၆ ၊ပုဒ်မ-၃၇၆ အရ စုစုပေါင်း အမှု ၄ မှုအတွက် အလုပ်ကြမ်း နဲ့ ထောင်ဒဏ် နှစ် ၄၀ ထိချမှတ်ခဲ့တာဖြစ်တယ်လို့လည်းဆိုပါတယ်။
“ဒီအမှုက စစ်ဆေးနေတာလည်းကြာနေပြီဆိုတော့ ၁ ရက်နေ့မှာ အမိန့်ချမှတ်လိုက်တာ ဖြစ်ပါတယ်။သူမှာ ကျန်တဲ့ အမှုတွေလည်း ရှိသေးတယ်။ကျန်တဲ့ အမှုတွေကိုလည်းစုံစမ်းစစ်ဆေးမှုတွေ လုပ်နေတာတွေ ရှိသေးတယ်”လို့ သူကပြောပါတယ်။
ဒါ့အပြင် ဇော်ဇော်နိုင်(ခ)လဖြူချေရဲ့ DLEPS ဖွဲ့တွေဆီမှာ ထွက်ဆိုဝန်ခံချက်အရ မြောက်ဦး၊ ကျောက်တော်၊ ပုဏ္ဏားကျွန်းမြို့နယ် တွေက စုစုပေါင်း အမျိုးသမီး ၁၁ ဦးအထိကို အလိုမတူဘဲ အဓမ္မပြုကျင့်ခဲ့တာ ရှိခဲ့သေးတယ်လို့လည်း ထွက်ဆိုမှု ရှိသေးသလို ကျန်ရှိနေတဲ့ အမှု ၇ မှု နဲ့ ပတ်သက်ပြီး တရားစွဲဆိုနိုင်ရေးအတွက် ဆက်လက်စုံစမ်းစစ်ဆေးတာတွေ လုပ်ဆောင်နေတယ်လို့လည်း ဆိုပါတယ်။
ရခိုင်မှာ ပြီးခဲ့တဲ့ မေလ ၃ ရက်နေ့ကလည်း မင်းပြားမြို့နယ် ဖားပြိုကျေးရွာမှာ အသက် ၉ နှစ်အရွယ် ကလေးငယ်တစ်ဦးကို မုဒိမ်းကျင့် သတ်ဖြတ်တာ ရှိခဲ့သလို ဇူလိုင်လ ၂၈ ရက်နေ့ကလည်း ပေါက်တောမြို့နယ် ဟင်းခရော်ကျေးရွာအတွင်းမှာ အသက် ၉ နှစ်အရွယ် ကလေးငယ်တစ်ဦးကို အဓမ္မပြုကျင့်ခံခဲ့ရတဲ့ အမှုတွေလည်း ရှိခဲ့ပါသေးတယ်။
လက်ရှိ အမှုကတော့ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအနေ နဲ့ ရခိုင်မှာ ဖြစ်ပွါးခဲ့တဲ့ အဓမ္မပြုကျင့်မှု နဲ့ ပတ်သက်ပြီး ပထမဆုံး နှစ် ၄၀ ထိကို အလုပ် ကြမ်းနဲ့ ထောင်ဒဏ် စတင်ချမှတ်လိုက်တဲ့ အမှုလည်း ဖြစ်ပါတယ်။