စစ်ကော်မရှင်တပ် ရဲ့ ဒုတိယဗိုလ်မှူးကြီး ကျော်ကျော်သက် အပါအဝင် ဗျူဟာရုံးအဖွဲ့ဝင် (၁၇) ဦးကို အာရက္ခတပ်တော် – AA က ဖမ်းဆီးရမိထားပါတယ်။
အဲဒီ စစ်ကော်မရှင်တပ်ရဲ့ အမှတ် (၉၉) ခြေလျင်တပ်မဌာနချုပ်၊ အမှတ် (၉၉၂) နည်းဗျူဟာအဖွဲ့က အသက် (၄၆) နှစ်အရွယ်ရှိတဲ့ ပြန်တမ်းဝင်အမှတ်၊ ကြည်း/၃၃၁၄၄ ဒုတိယဗိုလ်မှူးကြီး ကျော်ကျော်သက်၊ ယာယီနည်းဗျူဟာမှူး အပါ အဝင် ဗျူဟာရုံးအဖွဲ့ဝင် (၁၇) ဦး ကို အာရက္ခတပ်တော်က ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ (၄) ရက်၊ ည (၈) နာရီမှာ ဖြစ်ပွါးခဲ့တဲ့ မကွေးတိုင်း၊ ဂုတ်စီးရိုးဒေသ တိုက်ပွဲတွေမှာ ဖမ်းဆီးရမိခဲ့တာလည်းဖြစ်တယ်လို့ အာရက္ခတပ်တော် ရဲ့ မနေ့က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
စစ်ကော်မရှင်တပ်တွေဟာ အာရက္ခတပ်တော် ဆီမှာ သူတို့လက်လွတ်ထားရပြီးဖြစ်တဲ့ ဧရာဝတီတိုင်း နဲ့ ရခိုင်အစပ်မှာ ရှိတဲ့တပ်စခန်းတွေ မကွေးတိုင်း နဲ့ ရခိုင်အစပ် မှာရှိတဲ့ တပ်စခန်းတွေကို ပြန်လည်ရယူနိုင်ဖို့အတွက် ထိုးစစ်ဆင်တိုက်ခိုက်တာတွေကို လုပ်ဆောင်နေပြီးတော့ ပြီးခဲ့တဲ့ စက်တင်ဘာလ ၄ ရက် နေ့လယ် ၁၂ နာရီ ၂၁ မိနစ်လောက်မှာလည်း ငဖဲမြို့နယ်၊ စွန်တက်ကျေးရွာ အနီးကို စစ်ကော်မရှင်တပ်က ထိုးစစ်ဆင်တိုက်ခိုက်လာတဲ့ အတွက် အာရက္ခတပ်တော် နဲ့ စစ်ကော်မရှင်တပ်တွေဟာ ၂ နာရီကျော်ကြာတိုက်ပွဲဖြစ်ပွါးခဲ့တာရှိခဲ့သေးတယ်လို့ ဆိုပါတယ်။
အဲဒီအပြန်အလှန်တိုက်ခိုက်မှုအပြီးမှာတော့ စစ်ကော်မရှင်ရဲ့ စကခ (၁၇) လက်အောက်ခံ တပ်တွေဟာ တပ်လန်ကာဆုတ်ခွာသွားခဲ့တာရှိခဲ့ပြီးတော့ စစ်ကော်မရှင်တပ်သားတွေ ရဲ့ အလောင်းတွေ နဲ့ လက်နက် ခဲယမ်း၊ စစ်အသုံး အဆောင်ပစ္စည်းတွေကို အာရက္ခတပ်တော်က သိမ်းဆည်း ရမိခဲ့တာလည်း ရှိခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကော်မရှင်တပ်တွေဟာ မေလဆန်းကပင် စတင်ပြီးတော့ လက်ကျန်တပ်ဖွဲ့ဝင်တွေ နဲ့ အတင်းအဓမ္မစုဆောင်းထားတဲ့ တပ်ဖွဲ့ဝင်အသစ်တွေကို အသုံးပြုကာ စစ်ကော်မရှင် ရဲ့ အားသာချက်ဖြစ်တဲ့ လေကြောင်း ပစ်ကူ၊ ရေကြောင်းပစ်ကူ၊ နည်းပညာအတန်အသင့် အဆင့်မြင့်ဒရုန်းတွေအသုံးပြုကာ တော်လှန်ရေးလက်နက်ကိုင်တွေ သိမ်းပိုက်ထားပြီးဖြစ်တဲ့ တပ်မဌာနချုပ်တွေ၊ စစ်တိုင်းဌာနချုပ်တွေ၊ တပ်ရင်းဌာနချုပ်တွေ နဲ့ စစ်ရေးအရ အရေးပါတဲ့နေရာတွေကို ထိုးစစ်ဆင်တိုက်ခိုက်တာတွေကို လုပ်ဆောင်လာခဲ့ပါတယ်။
အဲဒီလို တန်ပြန်ထိုးစစ်ဆင်တဲ့ နေရာမှာ စစ်ကော်မရှင်တပ်တွေဟာ ရှမ်းမြောက်ဒေသ နဲ့ မြန်မာနိုင်ငံရဲ့ နေရာအချို့နေရာတွေမှာ အသာစီးရ၊ အောင်ပွဲရလာနေတဲ့ အတွက် စိတ်ကြီး ဘဝင်မြင့်ကာ ယုံကြည်မှုလွန်ကဲနေတဲ့ အနိုင်ရတပ်ဖွဲ့တွေ နဲ့ စုဖွဲ့ထားတဲ့ တပ်ရင်း၊ စစ်ကြောင်းတွေကို အာရက္ခတပ်တော် နဲ့ ရင်ဆိုင်တိုက်ခိုက်နေတဲ့ စစ်မြေပြင်တွေဆီကို ရွှေ့ပြောင်းပြီးတော့ ထိုးစစ်ဆင် တိုက်ခိုက်တာတွေကို လုပ်ဆောင်လာတာတွေရှိနေပေမယ့် အာရက္ခတပ်တော် ရဲ့ ခုခံစစ် နဲ့ တန်ပြန်ထိုးစစ်အောက်မှာ သတ္တိ၊ နည်းဗျူဟာ အရ မယှဉ်သာနိုင်တဲ့ အတွက် မြေပြင်ထိုးစစ်တိုင်းမှာ စစ်ကော်မရှင်ဘက်က အလူးအလဲခံရပြီးတော့ ခွေးပြေးဝက်ပြေး ထွက်ပြေးတာတွေရှိနေတယ်လို့လည်း အာရက္ခတပ်တော်က ဆိုထားပါတယ်။