ပြီးခဲ့တဲ့ ဩဂုတ်လ ၂၈ ရက်နေ့က ကျောက်တော်အချုပ်ခန်းထဲက ထွက်ပြေးသွားတဲ့ အချုပ်သား ၂ ဦးထဲက ခိုးမှု နဲ့ တရားစွဲဆိုခံရသူကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ (DLEPS) ဌာနက ပြီးခဲ့ စက်တင်ဘာလ ၆ ရက်နေ့မှာ အပြန်လည်ဖမ်းဆီးနိုင်ခဲ့ပြီးတော့ လူသတ်ဓားပြတိုက်မှုကျူးလွန်ထားတဲ့ သူကတော့ လွတ်မြောက်နေဆဲ ဖြစ်တယ်လို့ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ (DLEPS) တပ်ဖွဲ့ဝင်တွေကပြောပါတယ်။
အဲဒီကျောက်တော်အချုပ်ခန်းထဲက ထွက်ပြေးလွတ်မြောက်သွားတဲ့အချုပ်သား နှစ်ဦးကတော့ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၈၀ ခိုးမှု နဲ့ တရားစွဲဆိုခံထားရတဲ့ ကိုမိုးမြတ်ကျော်(ခ) ကုလားချေ နဲ့ လူသတ်မှု၊လုယက်မှု၊ဓါးပြတိုက်မှု ပြစ်မှု ၃ ခုထိကိုကျူးလွန်ထားပြီး တရားစွဲဆိုကာ တရားရင်ဆိုင်နေရတဲ့ အသက် ၃၆ နှစ်အရွယ် ကိုညီညီစိုး တို့ဖြစ်ကြတယ်လို့ ဆိုပါတယ်။
အဲဒီထဲက ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၈၀ ခိုးမှု နဲ့ တရားစွဲဆိုခံထားရတဲ့ ကိုမိုးမြတ်ကျော်(ခ) ကုလားချေ ကို ကျောက်တော်မြို့နယ် အတွင်းမှာ သတင်းပေးပို့လာချက်အရ ပြန်လည်ဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့ အာရက္ခပြည်သူ့တော် လှန်ရေးအစိုးရ (DLEPS) ဌာနထဲက အရာရှိတစ်ဦးကပြောပါတယ်။
” ဟုတ်ပါတယ် အချုပ်ကထွက်ပြေးတဲ့ သူ ၂ ဦးတစ်ဦးကိုဖမ်းဆီးရမိပါတယ်။ကျောက်တော်မြို့နယ်ထဲမှာဘဲ ဖမ်းဆီးရမိခဲ့တာပါ။တာဝန်သိပြည်သူတစ်ဦးက သတင်းပေးပို့လာချက်အရ DLEPS အဖွဲ့ကို သွားရောက်ဖမ်းဆီးခဲ့တာပါ”လို့ သူကပြောပါတယ်။
လူသတ်မှု၊လုယက်မှု၊ဓါးပြတိုက်မှု ပြစ်မှု ၃ ခုထိကိုကျူးလွန်ထားတဲ့ သူဖြစ်တဲ့ ကျောက်တော်မြို့နယ်၊ကြာညိုပြင်ကျေးရွာဇာတိ၊ပြိန်းချောင်းကျေးရွာမှာနေထိုင်နေတဲ့ အသက် ၃၆ နှစ်အရွယ် ကိုညီညီစိုး ကိုလည်း ပြန်လည်ဖမ်းဆီးရမိရေး အတွက် ဆက်လက်လုပ်ဆောင်နေတာတွေ ရှိနေတယ်လို့ အဲဒီ အာရက္ခပြည်သူ့တော် လှန်ရေးအစိုးရ (DLEPS) ဌာနထဲက အရာရှိတစ်ဦးက ဆက်လက်ပြောဆိုပါတယ်။
လက်ရှိထွက်ပြေးလွတ်မြောက်နေတဲ့ ကိုညီညီစိုး ဟာ ပြီးခဲ့တဲ့ ဇူလိုင် ၂၄ ရက်နေ့က ကျောက်တော်မြို့ ပြိန်းချောင်းကျေးရွာက အသက် ၆၂ နှစ်အရွယ်ရှိတဲ့ ဒေါ်ဝင်းနုယဥ်ဆိုသူကို လည်လှီး သတ်ဖြတ်ပြီးနောက် ရွှေ ၄ ကျပ်သား နဲ့ ငွေဆယ်သိန်းကျော်ကို ဓါးပြတိုက်၊လူသတ်၊လုယက်ခဲ့တာဖြစ်ကြောင်းကို ဝန်ခံထွက်ဆိုထားပြီးသူဖြစ်ပြီးတော့ တရားစီရင်ရေးပိုင်းမှာ ကြန့်ကြာမှုရှိနေသူ တစ်ဦးလည်းဖြစ်ပါတယ်။
ဒီလိုပြစ်မှုကျူးလွန်ကြောင်းဝန်ခံထွက်ဆိုထားသူကို တရားစီရင်ပိုင်းတွေမှာ ကြန့်ကြာမှု ရှိနေတာ၊ မဖြစ်သင့်မဖြစ်ထိုက်တဲ့ကိစ္စတစ်ခုဖြစ်သလို အချုပ်သားတစ်ဦးအနေ နဲ့ ထွက်ပြေးလွတ်မြောက်သွားပြီးတော့ အချိန်မှီပြန်မဖမ်းဆီးနိုင်တာဟာ အာရက္ခတပ်တော် နဲ့ အာရက္ခပြည်သူ့တော်လှန်ရေး အစိုးရရဲ့ ကိုင်တွယ်လုပ်ဆောင်မှုတွေ ပေါ့ဆတာတွေကြောင့် ဖြစ်တယ်လို့လည်း ရခိုင်ဒေသခံတွေက ဝေဖန်ထောက်ပြမှုတွေလည်း ရှိနေကြပါတယ်။




