အမ်းမြို့နယ် အတွင်းမှာ အရွယ်မရောက်ခင်ကပင် သမီးအရင်းဖြစ်သူကို ၆ နှစ်တိုင်တိုင် အတင်းအဓမ္မသားမယားအဖြစ် ပြုကျင့်ခဲ့တဲ့ ဖခင်ဖြစ်သူကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ ရဲ့ တရားဥပဒေစိုးမိုးရေးနှင့်ပြည်သူ့လုံခြုံရေးဌာန (DLEPS) က ဖမ်းဆီးစစ်ဆေးနေတယ်လို့ ဒေသခံတွေ ပြောဆိုချက်အရ သိရပါတယ်။
အမ်းမြိူ့နယ် ကျွဲကူးဆိပ်ရွာက ဖခင်ဖြစ်သူ အသက် ၃၈ နှစ်အရွယ် ဦးညီလှဆိုသူဟာ သမီးအရင်း ဖြစ်သူကို အသက် (၁၂) အရွယ်ကပင် လက်ရှိ အသက် (၁၈) နှစ်အရွယ် အထိ ၆ နှစ်တိုင်တိုင် အလိုမတူ အတင်းအဓမ္မ သားမယားပြု ကျင့်တာကို လုပ်ဆောင်ခဲ့တာလည်းဖြစ်ပါတယ်။
လက်ရှိမှာတော့ အဲဒီလို သမီးရင်းဖြစ်သူကို အလိုမတူဘဲ အတင်းအဓမ္မ သားမယားပြု ကျင့်တာကို လုပ်ဆောင်ခဲ့တဲ့ ဖခင်ဖြစ်သူကို ကလေးငယ်ရဲ့ အဘွားဖြစ်သူ တိုင်ကြားချက်အရ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ ရဲ့ တရားဥပဒေစိုးမိုးရေးနှင့်ပြည်သူ့လုံခြုံရေးဌာန (DLEPS) က ဖမ်းဆီးစစ်ဆေးတာတွေကို လုပ်ဆောင်နေတယ်လို့ အမ်းမြို့နယ်အတွင်းက အမျိုးသမီးအရေး တက်ကြွလှုပ်ရှားသူ ဒေသခံ တစ်ဦးကပြောပါတယ်။
“DLEPS ကို တိုင်တာက အဲဒီ ဦးညီလှ ရဲ့ မိခင် ကလေးရဲ့ အဘွားကိုတိုင် သွားတိုင်ပြီးတော့ ဖမ်းခိုင်းတာပါ။ နေမကောင်းဖြစ်လို့ဆေးခန်းသွားတဲ့ အချိန်မှာ ကိုယ်ဝန်က ၂ လ ရှိနေပါပြီ ဆိုတော့ အဲဒီတော့မှာ မေးတဲ့ အခါ သူ့အဖေက ဒီလို လုပ်ခဲ့တာ ကြာနေပြီဆိုပြီးတော့ ပြောတော့ အဘွား ကိုယ်တိုင်က DLEPS ဌာနမှာ သွားတိုင်ပြီးတော့ ဖမ်းခိုင်းတာဖြစ်တယ်။ အခုတော့ အဲဒီ ဦးညီလှ ကို ဖမ်းဆီးစစ်ဆေးတာတွေ လုပ်နေတယ်”လို့ သူကပြောပါတယ်။
အဲဒီအမှု နဲ့ ပတ်သက်ပြီးတော့ အဘွားဖြစ်သူက အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ ရဲ့ တရားဥပဒေစိုးမိုးရေးနှင့်ပြည်သူ့လုံခြုံရေးဌာန (DLEPS) ဆီမှာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၆ ရက်နေ့မှာ တိုင်ကြားခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒီလို ဖခင်အရင်းဖြစ်သူက သမီးအရင်ကို ၆ နှစ်တိုင်တိုင် အလိုမတူဘဲ အတင်းအဓမ္မ သားမယားပြု ကျင့်တာကို ကျူးလွန်ခဲ့တဲ့ သူကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ အနေ နဲ့ နောက်ထပ်ဒီလို ပြစ်မှုတွေ ထပ်ပြီးကျူးလွန်မှု မဖြစ်ရလေအောင် အမြင့်ဆုံးသော ပြစ်ဒဏ် အနေ နဲ့ ပေးကာ စီရင်ချက်ချမှတ်ဖို့လိုအပ်တယ်လို့ ရခိုင်အမျိုးသမီးများကွန်ရက် ဥက္ကဌ ဒေါ်ညိုအေး ကတောင်းဆိုပါတယ်။
“ကျမတို့အနေ နဲ့ကတော့ ဒီလိုကျူးလွန်သူကို တစ်သက်တကျွန်း မှတ်လောက်သားလောက်အောင်လုပ်ပစ်ဖို့လိုအပ်တယ်။ အင်္ဂါတွေကိုပါ အဲဒီလို တရုတ်ကားတွေမှာလို ပြောင်းပြီးတော့ လုပ်ပစ်ဖို့လိုအပ်တယ်။ထိုက်သင့်တဲ့ ပြစ်ဒဏ်တွေကို ပေးစေချင်တယ်။ဒီကိစ္စကို ပြည်တွင်းမှာ ရှိတဲ့ အမျိုးသမီးအဖွဲ့တွေ ဝန်းရံကြဖို့ကိုလည်း တောင်းဆိုချင်တယ်”လို့ သူကပြောပါတယ်။
ရခိုင်မှာ ဒီနှစ်ပိုင်းအတွင်း အဓမ္မပြုကျင့်တာတွေ ဆက်တိုက်ဖြစ်လာတာတွေ ရှိနေပြီးတော့ ဒီလို ပြစ်မှုတွေ များပြားလာတာဟာ ပညာရေးပိုင်းဆိုင်ရာ နိမ့်ပါးလာမှု၊ စိတ်ဓာတ်ပိုင်းဆိုင်ရာ နိမ့်ပါးလာမှုတွေ များလာကြောင့်ဖြစ်တယ်လို့လည်း ဒေါ်ညိုအေး ကသုံးသပ်ပြောဆိုထားပါတယ်။ ဒါ့ပြင်ဒီလိုလုပ်ရပ်ကိုလည်း ရခိုင်အမျိုးသမီးများကွန်ရက် အနေ နဲ့ ကန့်ကွက်ရှုတ်ချတယ်လို့လည်းဆိုပါတယ်။
ရခိုင်မှာ ၂၀၂၃ ခုနှစ်ကတည်းကပင် ဒီ ၂၀၂၅ ခုနှစ်အထိ သက်ငယ်မုဒိမ်းမှု အပါအဝင် မုဒိမ်းကျင့်သတ်ဖြတ်ခံရမှု ခန်းမှန်ခြေ ၁၀ မှုထက်မနည်း အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရဆီမှာ တိုင်းကြားထားတာတွေ နဲ့ ဖမ်းဆီးစစ်ဆဲနေတာတွေ ရှိတယ်လို့လည်း အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ နဲ့ နီးစပ်တဲ့အသိုင်းအဝိုင်းတွေရဲ့ပြောဆိုချက်တွေ အရ သိရပါတယ်။
အဲဒီအမှုတွေထဲက တစ်မှုဖြစ်တဲ့ ကျောက်တော်မြို့နယ် အတွင်းက အမျိုးသမီး ၂ ဦး နဲ့ မြောက်ဦးမြို့နယ် အတွင်းက အမျိုးသမီး ၂ ဦး စုစုပေါင်း အမျိုးသမီး ၄ ဦးကို အဓမ္မပြုကျင့်ခဲ့တဲ့ တရားခံအမျိုးသား ကိုဇော်ဇော်နိုင်(ခ) လဖြူချေကို အာရက္ခပြည်သူ့တော်လှန်ရေး အစိုးရ က ပြီးခဲ့တဲ့ စက်တင်ဘာလ ၁ ရက်နေ့မှာ အလုပ်ကြမ်း နဲ့ ထောင်ဒဏ် နှစ် ၄၀ ကို ချမှတ်ခဲ့ပါတယ်။




