Home သတင်း စစ်ရေး ငဖဲမြို့အတွင်းက တိုက်ပွဲမှာ စစ်ကော်မရှင်တပ်သား ၇၀ ဦးသေဆုံးခဲ့ပြီး လက်နက်ခဲယမ်းတချို့ကို အာရက္ခတပ်တော်က သိမ်းဆည်းရမိခဲ့

ငဖဲမြို့အတွင်းက တိုက်ပွဲမှာ စစ်ကော်မရှင်တပ်သား ၇၀ ဦးသေဆုံးခဲ့ပြီး လက်နက်ခဲယမ်းတချို့ကို အာရက္ခတပ်တော်က သိမ်းဆည်းရမိခဲ့

107
1

Coastal News Agency

မကွေးတိုင်း၊ငဖဲမြို့နယ် အတွင်းမှာ ထိုးစစ်ဆင်တိုက်ခိုက်လာတဲ့ စစ်ကော်မရှင်တပ်တွေ နဲ့ အာရက္ခတပ်တော်တို့ နှစ်ဖက်တိုက်ပွဲတွေ ဖြစ်ပွါးခဲ့ပြီး စစ်ကော်မရှင်တပ်ဘက်က တပ်သား ၇၀ ဦးသေဆုံးခဲ့ရသလို လက်နက်ခဲယမ်းတချို့ကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ အာရက္ခတပ်တော် ကသတင်းထုတ်ပြန်လာပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ (၄) ရက်နေ့က ဖြစ်ပွါးခဲ့တဲ့ မကွေးတိုင်း၊ ငဖဲမြိုနယ်၊ စွန်တက်ကျေးရွာရဲ့ အရှေ့မြောက်ဘက် မီတာ (၂၈၀၀) ခန့်အကွာတိုက်ပွဲ အတွင်းက အထိကာနာပြီးတပ်လန့်သွားခဲ့ရတဲ့ စကခ (၁၇) လက်အောက်ခံ တပ်ရင်းတွေထဲက နောက်ထပ်တပ်ရင်းတစ်ခုဖြစ်တဲ့ ဒုဗမက ပြည့်ဖြိုးအောင် ဦးဆောင်လာတဲ့ ရှမ်းပြည်အရှေ့ပိုင်း မိုင်းပန်အခြေစိုက်၊ ခလရ (၂၉၅) တပ်ရင်းဟာ စက်တင်ဘာလ (၇) ရက်နေ့၊ မနက် (၁၁) နာရီ (၁၅) မိနစ်လောက်မှာ ငဖဲမြိုနယ်၊ စွန်တက်ကျေးရွာအနီးရဲ့ အရှေ့မြောက်ဘက် မီတာ (၃၀၀၀) ခန့်အကွာအဝေးကို ဒုတိယစစ်ကြောင်းအနေ နဲ့ ထပ်မံထိုးစစ်ဆင် တိုက်ခိုက်လာခဲ့တာရှိခဲ့ပါတယ်။

အဲဒီစစ်ကြောင်းလိုထိုးစစ်ဆင်လာတဲ့ စစ်ကော်မရှင်တပ်တွေ နဲ့ အာရက္ခတပ်တော်တို့ဟာ (၈) နာရီနီးပါးကြာ တိုက်ပွဲဖြစ်ပွါးခဲ့ပြီးတဲ့ နောက်မှာတော့ စစ်ကော်မရှင်တပ်ဘက်က တပ်သား အလောင်း (၆၀) ကျော် နဲ့အတူ စစ်အသုံး အဆောင်ပစ္စည်းတွေ၊ လက်နက် ခဲယမ်းများကို သိမ်းဆည်းရမိခဲ့တယ်လို့ အာရက္ခတပ်တော်က ဆိုပါတယ်။

နောက်ထပ်တိုက်ပွဲနေရာ တစ်ခုဖြစ်တဲ့ မကွေးတိုင်း၊ ငဖဲမြိုနယ်၊ စွန်တက်ကျေးရွာ ရဲ့ အရှေ့မြောက်ဘက် မီတာ (၂၀၀) ခန့် အကွာအဝေး(တစ်နည်းအားဖြင့်) နတ်ရေကန်ကုန်းရဲ့ တောင်ဘက် ဝေဠုဝန်ကျောင်းဘက်ကနေ စက်တင်ဘာလ ၇ ရက်နေ့ ညနေ (၅) နာရီ (၂၀) မိနစ်လောက်မှာ တတိယ စစ်ကြောင်းအနေ နဲ့ စစ်ကော်မရှင်တပ်တွေဘက်က ထပ်မံထိုးစစ်ဆင်တိုက်ခိုက်တာကိုလည်း လုပ်ဆောင်လာခဲ့တဲ့ အာရက္ခတပ်တော် နဲ့ ၃ နာရီခန့်အကြာ နှစ်ဖက်တိုက်ပွဲဖြစ်ပွါးခဲ့ပြီးတော့ ထိုးစစ်အတွင်း မျက်မြင် စစ်ကော်မရှင်တပ်သား (၁၀) ဦးခန့်ကျဆုံးခဲ့ရသလို ဒဏ်ရာအများအပြားရကာ တပ်လန်ခဲ့ရတဲ့ အတွက် အဲဒီစစ်ကြောင်းအတွင်းကလည်း လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်းတွေကိုထပ် အာရက္ခတပ်တော်က ထပ်မံသိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် တတိယစစ်ကြောင်း အနေ နဲ့ ထိုးစစ်ဆင်ဝင်လာပြီးတော့ အကျအရှုံးများစွာ နဲ့ တပ်လန်ခဲ့ရတဲ့ စစ်ကော်မရှင်တပ်တွေဟာ ဝေဠုဝန်ကျောင်း ရဲ့ အနောက်မြောက်ဘက် လက်ဖက်ခြံထဲမှာ ခံစစ်အနေအထားနဲ့ အာရက္ခတပ်တော်ကို ခုခံရင်းကနေ ထပ်မံထိုးစစ်ဆင် တိုက်ခိုက်ဖို့အတွက် ပြင်ဆင်တာတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။

စစ်ကော်မရှင်တပ်တွေဟာ ဒီရက်ပိုင်း အတွင်းမှာ ဧရာဝတီတိုင်း – ရခိုင်အစပ်၊ မကွေးတိုင်း-ရခိုင်အစပ်က သူတို့လက်လွတ်ထားရပြီးဖြစ်တဲ့ နေရာတွေကိုပြန်လည်ရယူနိုင်ဖို့ အတွက် ထိုးစစ်ဆင်တိုက်ခိုက်တာတွေကို ဆက်တိုက်ပြုလုပ်နေတာတွေကြောင့် အာရက္ခတပ်တော် နဲ့ စစ်ကော်မရှင်တပ်တွေဟာ နှစ်ဖက်တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတာတွေ ရှိနေပြီးတော့ အဲဒီထဲက မကွေးတိုင်း၊ နတ်ရေကန်ကုန်းဘက်ကို ထိုးစစ်ဆင်မှုတွေ ပိုမိုလုပ်ဆောင်တာလည်း ရှိနေတယ်လို့ ဆိုထားပါတယ်။

အဲဒီလိုထိုးစစ်ဆင်တဲ့နေရာမှာလည်း စကခ (၁၇) လက်အောက်ခံတပ်ရင်းတွေဖြစ်ကြတဲ့ ခမရ (၅၇၄)၊ ခမရ (၅၆၉)၊ ခမရ (၅၇၅)၊ ခမရ (၅၇၇)၊ ခမရ (၅၂၀)၊ ခလရ (၂၉၅) တပ်ရင်းတွေအပြင် စစ်ကော်မရှင်ရဲ့ စစ်မှုမထမ်းမနေရဥပဒေအောက်က ပုံစံအမျိုးမျိုးနဲ့ အတင်းအဓမ္မ စစ်သား စုဆောင်းပြီးတော့ စစ်သင်တန်းပေးထားတဲ့ ရဲဘော်တွေ နဲ့ စုဖွဲ့ထားတဲ့ တပ်ရင်းတွေ နဲ့ စုပေါင်းပြီး ထိုးစစ်ဆင်တိုက်ခိုက်မှုတွေကိုလုပ်ဆောင်နေတာ ဖြစ်တယ်လို့ဆိုပါတယ်။

အာရက္ခတပ်တော်ဘက်ကတော့ စစ်ကော်မရှင်ရဲ့ စစ်မှုမထမ်းမနေရ ဥပဒေအောက်ကနေပြီးတော့ ပုံစံအမျိုးမျိုးနဲ့ အတင်းအဓမ္မ စစ်သား စုဆောင်းကာ စစ်သင်ပေးခံရတဲ့ ရဲဘော်သစ်တွေအနေနဲ့ စောစီးစွာ အလံဖြူထောင်၊ လက်နက်ချအညံ့ခံရင် အသက်ချမ်းသာရာ ရမှာဖြစ်သလို အချိန်မရွေး လာလက်နက်ချဖို့ကိုလည်း အာရက္ခတပ်တော်က အသိပေးပြောဆိုထားပါတယ်။

တဖက်မှာလည်း ဒီလို လက်နက်ချ၊ အညံ့ခံ၊ အလံဖြူထောင်လာတဲ့ သူတွေကို အာရက္ခတပ်တော် အနေ နဲ့ ကောင်းမွန်စွာ ပြုစုစောင့်ရှောက်ပြီးတော့ မိသားစုဆီကို ပို့ဆောင်ပေးတာ ဒါမှမဟုတ် အာရက္ခတပ်တော်ဆီမှာ တာဝန် ထမ်းဆောင်လိုရင် ကာယကံရှင်ရဲ့ ဆန္ဒကို လိုက်လျှောက် အကောင်းဆုံး ကူညီဆောင်ရွက်ပေးသွားမယ်လို့လည်းပြောဆိုထားပါတယ်။

1 COMMENT

LEAVE A REPLY

Please enter your comment!
Please enter your name here