Home သတင်း စစ်ရေး လေကြောင်းလိုင်းတွေ ရက်လျှော့ ပြေးဆွေးတဲ့အပြင် မြို့အဝင်အထွက်ကိုပါ ပိတ်လိုက်တဲ့အတွက် ကျောက်ဖြူ မှာ ခရီးသည် ရာချီ ပိတ်မိနေ

လေကြောင်းလိုင်းတွေ ရက်လျှော့ ပြေးဆွေးတဲ့အပြင် မြို့အဝင်အထွက်ကိုပါ ပိတ်လိုက်တဲ့အတွက် ကျောက်ဖြူ မှာ ခရီးသည် ရာချီ ပိတ်မိနေ

55
0
Coastal News Agency

Coastal News Agency

ပြီးခဲ့တဲ့ စက်တင်ဘာလ အစကပင် ရန်ကုန်ကနေပြီးတော့ ကျောက်ဖြူမြို့ကို ပြေးဆွေးနေတဲ့ လေကြောင်းလိုင်းတွေကို ရက်လျှော့ပြေးဆွေးတာတွေကိုလုပ်ဆောင်လိုက်တဲ့အပြင် မြို့အဝင်အထွက်တွေကိုပါ ပိတ်ဆို့လိုက်တာကြောင့် မြို့တွင်းမှာ ရာနဲ့ချီတဲ့ခရီးသည်ရာချီဟာ ပိတ်မိနေကြရတယ်လို့ ကျောက်ဖြူမြို့ရခိုင်ဒေသခံတွေ ကပြောပါတယ်။

ရန်ကုန် ကနေ ကျောက်ဖြူမြို့ ကိုပြေးဆွေးနေတဲ့ လေကြောင်းလိုင်းတွေဖြစ်တဲ့ မန်းရတနာပုံလေကြောင်းလိုင်း အပါအဝင် မြန်မာ့အမျိုးသားလေကြောင်းလိုင်း နဲ့ Air KBZ လေကြောင်းလိုင်းတွေဟာ ဩဂုတ်လ ကုန်အထိ နေ့စဉ်ပုံမှန်ပြေးဆွေးတာကို လုပ်ဆောင်ခဲ့ပြီးတော့ စက်တင်ဘာလ အစောပိုင်းက စတင်ပြီးတော့ ရက်လျှော့ပြေးဆွေးတာတွေကို လုပ်ဆောင်လိုက်တာလည်း ဖြစ်ပါတယ်။

တဖက်မှာလည်း အဲဒီလို လေကြောင်းလိုင်းတွေကို ရက်လျှော့ပြေးဆွေးလိုက်တဲ့ အတွက် ကျောက်ဖြူမြို့က နေ ရန်ကုန်ကို ထွက်ခွါမယ့်သူတွေဟာ မထွက်ခွါရဘဲ ပိတ်မိသွားခဲ့ရသလို ကျောက်ဖြူမြို့အဝင်အထွက်ကိုပါ စစ်ကော်မရှင်က ထပ်မံ ပိတ်လိုက်တာကြောင့် ကျောက်ဖြူကနေ တခြားနေရာကို သွားမယ့်သူတွေဟာ သွားမရတော့ဘဲ ပိတ်မိသွားတာဖြစ်တယ်လို့ ကျောက်ဖြူဒေသခံ တစ်ဦးကပြောပါတယ်။

“လူတွေကတော့ ဟိုကိုလည်းထွက်မရ အိမ်ကိုလည်းပြန်မရ နဲ့ အကုန်ပိတ်မိနေတာပါ။အရင်တုန်းက မြို့ထွက်ခွင့်က တစ်ပတ်မှာ ၂ ရက်ရှိတယ်။အခု ဒီလထဲမှာတော့ လုံးလုံးထွက်ခွင့်ပေးတာကို မတွေ့ရသေးဘူး။လူဦးရေ ရာချီလောက်တော့ ပိတ်မိနေတယ်လို့ ခန့်မှန်းရတယ်။ ခြောက်ရာ ခုနှစ်ရာလောက်တော့ ရှိမယ်ထင်တယ် “လို့သူကပြောပါတယ်။

အရင်လက ပုံမှန်ပြေးဆွဲ ခဲ့တဲ့ လေကြောင်းလိုင်း ၃ ခုထဲက မန်းရတနာပုံလေကြောင်းလိုင်း ကတော့ အပြီးအပိုင် ရပ်နားလိုက်တာဖြစ်ပြီးတော့ မြန်မာ့အမျိုးသားလေကြောင်းလိုင်း နဲ့ Air KBZ လေကြောင်းလိုင်းတွေကတော့ လက်ရှိတစ်ပတ်မှာ ၂ ရက်သာ ပြေးဆွေးတော့တာလည်းဖြစ်ပြီးတော့ ဘာကြောင့် အခုလို ပိတ်လေကြောင်းလိုင်းတွေကို ရက်လျှော့ပြေးဆွေးတာကို သူ့တို့ အနေ နဲ့ မသိရဘူးလို့ လုံခြုံရေး အရ အမည်မဖော်လိုတဲ့ လေယာဉ်လက်မှတ်အရောင်းကိုစလှယ်တစ်ဦးက ပြောပါတယ်။

“တစ်ပတ်မှာ ၅ရက်ဆွေးနေတဲ့ မန်းရတနာပုံလေကြောင်းလိုင်း ကတော့ အပြီးရပ်နားလိုက်ပါတယ်။ဒီ မန်းရတနာပုံက သူက ရန်ကုန်၊စစ်တွေ၊ကျောက်ဖြူကို ကျွန်းပတ်အနေ နဲ့ ပြေးဆွေးနေခဲ့တာ အခု သူက ပိတ်လိုက်တော့ စစ်တွေကိုလည်း လေကြောင်းလိုင်းမရှိတော့ဘူးပေါ့။ မြန်မာ့အမျိုးသားလေကြောင်းလိုင်း နဲ့ Air KBZ ကတော့ တစ်ပတ်မှာ ၂ရက်ရှိပါတယ်။လက်မှတ်ကတော့ တစ်လကျော်လောက်ထိမရှိတော့ဘူး နောက်ဝယ်မယ့်လူတွေကတော့ စောင့်ပြီးတော့ဝယ်ယူရမှာဖြစ်တယ်။ဘာဖြစ်လို့လျှော့ချလိုက်တယ်ဆိုတာကိုတော့ ကျမတို့လည်းမသိဘူး“လို့ သူကပြောပါတယ်။

စစ်ကော်မရှင်တပ်တွေ နဲ့ အာရက္ခတပ်တော်တို့ဟာ ဒီ စက်တင်ဘာလ အစပိုင်းက စတင်ပြီးတော့ ကျောက်ဖြူမြို့နယ်အတွင်းမှာ နှစ်ဖက်တိုက်ပွဲတွေ ပြင်းပြင်းထန်ထန်ဖြစ်ပွါးလာတဲ့အတွက် ပုံမှန်ပြေးဆွေးနေတဲ့ လေကြောင်းလိုင်း နဲ့ ပုံမှန်ထွေအုပ်ထောက်ခံချက်တွေ နဲ့ ဝင်ထွက်သွားလာလို့ရနေတဲ့ မြို့ဝင်ထွက်တာတွေကိုပါ ပိတ်ဆို့တာတွေကို လုပ်ဆောင်လာခဲ့တာလည်း ဖြစ်ပါတယ်။

ဒီလို စစ်ကော်မရှင်က လုပ်ဆောင်တဲ့အပေါ်မှာ ရခိုင်ဒေသခံတစ်ဦးသုံးသပ်ပြောဆိုတာက“အဓိကတော့ ရှင်းပါတယ် စကစက ကျောက်ဖြူမှာ တိုက်ပွဲပြင်းထန်လာတာ နဲ့ အတူ ပြည်သူတွေကို လူသားဒိန်းကာ အသုံးပြုနိုင်ဖို့ အတွက် အလုံးအရင်း နဲ့ ပိတ်ဆို့လိုက်တာဖြစ်တယ် ဒါကတော့ သိပ်အဆန်းတော့မဟုတ်တော့ပါဘူး သူတို့လုပ်နေကျအလုပ်လည်းဖြစ်တယ် အဓိက သတိထားရမှာကတော့ ကျနော်တို့ ရခိုင်ပြည်သူတွေ သတိထားရမှာသာဖြစ်တယ်”လို့ သူကပြောပါတယ်။

စစ်ကော်မရှင်ဟာ ရခိုင်တကျော့ပြန်တိုက်ပွဲ ဖြစ်ပွါးခဲ့တဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့ကတည်းက ရခိုင်ကအများပြည်သူ အသုံးပြုသွားလာနေတဲ့ ကုန်းလမ်း၊ရေလမ်းတွေကို ပိတ်ဆို့ကန့်သာတာတွေကို လုပ်ဆောင်ခဲ့ပြီးတာလည်း ဖြစ်ပါတယ်။

အဲဒီလို ကုန်းလမ်း၊ရေလမ်းတွေကို ပိတ်ဆို့လိုက်ပြီးတဲ့ နောက်မှာတော့ ရခိုင်ဒေသခံတွေဟာ ကျောက်ဖြူလေကြောင်းလိုင်းတစ်ခုကိုသာ အဓိကထားပြီးတော့ ကျန်းမာရေး၊လူမှုရေး၊ပညာရေး ကိစ္စတွေကိုအမှီပြုသွားလာနေကြရတာဖြစ်ပြီးတော့ လက်ရှိမှာလည်း အခုလို အများပြည်သူသုံး သွားလာနေရတဲ့ လေကြောင်းလိုင်း နဲ့ ကျောက်ဖြူမြို့ အဝင်အထွက်တွေကိုပါ ထပ်မံ ပိတ်ဆို့ လိုက်တဲ့ အတွက် အခက်အခဲများစွာ နဲ့ ရင်ဆိုင်ကြုံတွေ့နေကြရတာလည်းဖြစ်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here