Home လေကြောင်းတိုက်ခိုက်မှု လေကြောင်းတိုက်ခိုက်မှု တကျော့ပြန်တိုက်ပွဲ စတင်ချိန်ကပင် လက်ရှိအချိန်ထိ ရခိုင်မှာ စစ်ကော်မရှင်ကြောင့် သေဆုံးသူ ကလေးငယ် ၁၈၄ ဦး နဲ့ ဒဏ်ရာရသူ ၄၇၄...

တကျော့ပြန်တိုက်ပွဲ စတင်ချိန်ကပင် လက်ရှိအချိန်ထိ ရခိုင်မှာ စစ်ကော်မရှင်ကြောင့် သေဆုံးသူ ကလေးငယ် ၁၈၄ ဦး နဲ့ ဒဏ်ရာရသူ ၄၇၄ ဦးထိရှိခဲ့

135
0
ပုံ - ၂၀၂၅ မေလ ၁၃ ရက်နေ့မှာ စစ်ကော်မရှင်လေကြောင်းတိုက်ခိုက်ခဲ့တဲ့ ရသေ့တောင်မြို့ ထွန်းရဝေကျေးရွာ လေကြောင်းတိုက်ခိုက်ခဲ့မှုဖြစ်စဉ်မြင်ကွင်း။

Coastal News Agency

တကျော့ပြန်တိုက်ပွဲ စတင်ခဲ့တဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့ကနေ လက်ရှိ ၂၀၂၅ ခုနှစ် ဩဂုတ်လအထိ ရခိုင်မှာ စစ်ကော်မရှင်ကြောင့် အသက် ၁၈ နှစ်အောက် သေဆုံးသူ ကလေးစုစုပေါင်းဟာ ၁၈၄ ဦး ရှိခဲ့ပြီးတော့ ဒဏ်ရာရသူ ၄၇၄ ဦး ထိရှိခဲ့တယ်လို့ သိရပါတယ်။

ဒီသေဆုံးဖြစ်စဉ်တွေထဲက ကလေးငယ် (၁၀၂) ဦးဟာ စစ်ကော်မရှင်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့်သေဆုံးခဲ့ရတာဖြစ်ပြီးတော့ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာ ရရှိသူဟာ (၂၁၃) ဦးထိရှိခဲ့တာလည်းဖြစ်တယ်လို့ အာရက္ခတပ်တော်ရဲ့ လူသားချင်းစာနာထောက်ထားရေး နဲ့ ဖွံဖြိုးရေးဆိုင်ရာပူးပေါင်း ဆောင်ရွက်ရေးရုံး HDCO က ထုတ်ပြန်ထားတာပါ။

ဒါ့အပြင်လေကြောင်း တိုက်ခိုက်မှု၊လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုကြောင့်လည်း စာသင်ကျောင်းပေါင်း (၄၇) ကျောင်းထိပျက်စီးထိခိုက်တာတွေလည်း ရှိခဲ့ရပါတယ်။

စစ်ကော်မရှင် အနေ နဲ့ အခုလို ကျောင်းသားကျောင်းသူတွေ နဲ့ ကလေးငယ်တွေကို အစုလိုက်အပြုံလိုက်သေဆုံးစေတဲ့ လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်နေတာဟာ အလွန်ပြင်းထန်တဲ့ စစ်ရာဇဝတ်ကျူးလွန်မှု တစ်ရပ်ကို ကျူးလွန်နေတာ ဖြစ်ပြီးတယ်လို့လည်း အာရက္ခတပ်တော်ရဲ့ လူသားချင်းစာနာထောက်ထားရေး နဲ့ ဖွံဖြိုးရေးဆိုင်ရာပူးပေါင်း ဆောင်ရွက်ရေးရုံး HDCO ကဆိုထားပါတယ်။

အဲဒါကြောင့် စစ်ကော်မရှင် အနေ နဲ့ အပြစ်မဲ့ပြည်သူတွေကို ဦးတည်တိုက်ခိုက်တဲ့ တိုက်ခိုက်မှုမျိုးတွေကို အပြည်ပြည်ဆိုင်ရာ အဖွဲအစည်းတွေ အနေ နဲ့ အမြန်ဆုံး တားဆီးဖို့ နဲ့ အရပ်သားပြည်သူတွေရဲ့ အသက်အိုးအိမ်တွေကို ကာကွယ်ဆောင်ရွက်ပေးဖို့ ကိုလည်းတိုက်တွန်းတယ်လို့ လည်း HDCO က တိုက်တွန်းထားပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၂ ရက်နေ့ မနက် ၁ နာရီကျော်ကလည်း တိုက်ပွဲတစ်စုံ တရာတစ်ရာ ဖြစ်ပွါးခြင်းမရှိဘဲ စစ်ကော်မရှင်က ကျောက်တော်မြို့ ၊သရက်တပင်ရွာ ကိုယ်ပိုင် အထက်တန်းကျောင်း ၂ ကျောင်းကို လေကြောင်းကနေတဆင့် ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ အတွက် အပြစ်မဲ့ ကျောင်းသူ/ကျောင်းသား အပါအဝင် ၂၃ ဦး သေဆုံးခဲ့ရပြီးတော့ ၂၂ ဦးအပြင်းအထန်ထိခိုက်ဒဏ်ရာ ရခဲ့ရပါတယ်။

အာဆီယံလွှတ်တော်ကိုယ်စားလှယ်များလူ့အခွင့်အရေးအဖွဲ့ – APHRက စစ်ကော်မရှင်ဟာ ကျောက်တော်မြို့၊သရက်တပင်ကျေးရွာ အတွင်းက ပညာပန်းခင်း နဲ့ အမြင်သစ် ကိုယ်ပိုင်အထက်တန်းကျောင်းတွင်းမှာ ရှိနေတဲ့ ကျောင်းသူ/ကျောင်းသား အများအပြား အိပ်စက်နေတဲ့ အချိန်မှာ ရည်ရွယ်ချက်ရှိရှိ နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ဆိုထားပါတယ်။

အဲဒါကြောင့် အာဆီယံဒေသတွင်းက ပါလီမန်ကိုယ်စားလှယ်တွေ အနေ နဲ့ စစ်ကော်မရှင်က အရပ်သားတွေကို တရားမဲ့အတိုင်းတိုက်ခိုက်သတ်ဖြတ်နေတာကို မျက်ကွယ်မပြုထားဘဲ နဲ့ မြန်မာပြည်သူတွေကို ကာကွယ်နိုင်ဖို့ အတွက် နိုင်ငံတကာက အမြန်ဆုံးအရေးယူဆောင်ရွက်တာတွေ လုပ်ဖို့ လိုအပ်နေတယ်လို့ APHR ဥက္ကဌ (Mercy Chriesty Barends)မာစီခရစ္စတီဘာရန်ဒစ်က တောင်းဆိုထားပါတယ်။

ဒါ့အပြင် ဒီတိုက်ခိုက်မှုကို လုပ်ဆောင်ခဲ့တဲ့ စစ်ကော်မရှင်ကိုလည်း ICC မှာတရားစွဲဖို့ လိုအပ်တယ်လို့ အာဆီယံလွှတ်တော်ကိုယ်စားလှယ်များလူ့အခွင့်အရေးအဖွဲ့ – APHR ကတောင်းဆိုထားကြပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here