
ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၂ ရက်နေ့ စစ်ကော်မရှင်လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ခဲ့တဲ့ ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် သရက်တစ်ပင် ကျေးရွာက ကိုယ်ပိုင်းအထက်တန်းကျောင်း ၂ကျောင်း ဗုံးကြဲတိုက်ခိုက်မှု ပတ်သက်ပြီးတော့ မျက်မြင်ကြုံတွေ့ခဲ့သူ၊ တိုက်ရိုက်သိရှိသူတွေ အနေ နဲ့ အထောက်အထားတွေ မျှဝေကြဖို့ကို မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား – IIMM ကတောင်းဆိုလာပါတယ်။
ဒီတိုက်ခိုက်မှု အတွင်းမှာ ကျောင်းသူ/ကျောင်းသား အပါအဝင် အပြစ်မဲ့ပြည်သူ ၂၃ ဦး အစုလိုက်အပြုံလိုက်သေဆုံးခဲ့ရပြီးတော့ ၂၂ ဦးဟာလည်း အပြင်းအထန် ဒဏ်ရာ ရရှိခဲ့ရပါတယ်။
အခုဖြစ်ပွါးခဲ့တဲ့ကျောက်တော်မြို့ ကိုယ်ပိုင်အထက်တန်းစာသင်ကျောင်း ၂ ကျောင်း ဗုံးကြဲတိုက်ခိုက်မှုဖြစ်ပွါးခဲ့ရတဲ့ ဖြစ်စဉ်ဟာ ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ စစ်အာဏာသိမ်းပြီး နောက်ပိုင်း ကျောင်းတွေကို တိုက်ခိုက်ခဲ့တဲ့ ဖြစ်စဉ်တွေထဲက ဆိုးဝါးစွာတိုက်ခိုက်ခံခဲ့ရမှု ဖြစ်စဉ်တွေထဲမှာ ပါဝင်နေတာလည်း ဖြစ်တယ်လို့ ဆိုထားပါတယ်။
ဒီလိုလုပ်ဆောင်မှုတွေကြောင့် တဖက်မှာ ရခိုင်ပြည်တွင်းမှာ ရှိနေကြတဲ့ အရပ်သားလူမျိုးစုများအားလုံးအတွက် တိုက်ခိုက်မှု၊ သတ်ဖြတ်မှု၊ အတင်းအကြပ်နေရပ်မှရွှေ့ပြောင်းခံရမှုတွေ နဲ့ ငတ်မွတ်ခေါင်းပါးမှုတွေကို ခံစားနေကြရတဲ့ ဒုက္ခတွေကို ပိုမိုဆိုးရွားစေတယ်လို့လည်း IIMM က ဆိုထားပါတယ်။
ဒီလိုစစ်ကော်မရှင် အနေ နဲ့ အရပ်သားတွေကိုမခွဲခြားဘဲ လေကြောင်းတိုက်ခိုက်မှုလုပ်ဆောင်တာဟာ စစ်ရာဇဝတ်မှု ဒါမှမဟုတ် လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု မြောက်ပြီးတော့ ကလေးတွေကိုကို တိုက်ခိုက်ခြင်းဟာလည်း အလွန်ထိတ်လန့်စက်ဆုတ်ဖွယ်ကောင်းတဲ့အတွက် မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား – IIMM အနေ နဲ့ ကလေးတွေကို ထိခိုက်ကျူးလွန်တဲ့ အမှုတွေကို ဦးစားပေး စုံစမ်းတာတွေကို လုပ်ဆောင်နေတယ်လို့ ဆိုထားပါတယ်။
အဲဒါကြောင့် ဒဏ်ရာရရှိမှုတွေ၊ အပျက်အစီးတွေ၊ လေယာဥ် နဲ့ လက်နက်ခဲယမ်းတွေရဲ့ ဓာတ်ပုံ ဒါမှမဟုတ် ဗီဒီယိုတွေ ထိခိုက်သူတွေ ရဲ့ အချက်အလက်တွေ လေကြောင်းတိုက်ခိုက်ရာမှာ အသုံးပြုခဲ့တဲ့ လေယာဥ် နဲ့ လက်နက်အမျိုးအစားတွေရဲ့ အချက်အလက်တွေ ပါဝင်သူလေယာဥ်မှူးတွေ နဲ့ ပေးအပ်တဲ့ အမိန့် အချက်အလက်တွေကို လက်ဝယ်ရရှိထားခဲ့ရင် IIMM ယန္တရားရဲ့ Signal နံပါတ် +41 76 691 12 08 ကို ဆက်သွယ်ပေးပို့ကြဖို့ကိုတောင်းဆိုတယ်လို့ ဆိုထားပါတယ်။
အဲဒီလို ပေးပို့တဲ့ အခါမှာလည်း အချက်အလက်မျှဝေသူတွေအနေ နဲ့ လုံခြုံရေးကို ဦးစားပေးဖို့ နဲ့ ဘေးကင်းလုံခြုံတဲ့အချိန်ရောက်မှသာ ဆက်သွယ်ပေးပို့ဖို့ကိုလည်း IIMM က က ဆိုထားပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား (IIMM သို့မဟုတ် ယန္တရား) ကို ၂၀၁၁ ခုနှစ် နောက်ပိုင်းမှာ မြန်မာနိုင်ငံအတွင်မှာကျုးလွန်နေတဲ့ အကြီးလေးဆုံးသော နိုင်ငံတကာရာဇဝတ်မှု နဲ့ တခြားသော နိုင်ငံတကာ ဥပဒေများ ချိုးဖောက်မှု အထောက်အထားတွေကို စုဆောင်းဖို့ နဲ့ စိစစ်သုံးသပ်ဖို့ ၂၀၁၈ ခုနှစ်မှာ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက ဖွဲ့စည်းပေးခဲ့တဲ့ အဖွဲ့အစည်းတစ်ခုလည်းဖြစ်ပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား – IIMM အနေ နဲ့ အခုလို စုဆောင်းထားတဲ့ အချက်အလက်တွေကို နိုင်ငံတွင်း၊ ဒေသတွင်း နဲ့ နိုင်ငံတကာ တရားရုံးတွေမှာ တရားစွဲဆိုတဲ့နေရာမှာ အမှုနှင့်သက်ဆိုင်တဲ့ ဖိုင်တွဲတွေကို ပြင်ဆင်ပြီးတော့ တရားမျှတမှု နဲ့ တာဝန်ခံမှုတွေ ဖြစ်ထွန်းလာရေးနိုင်ရေးအတွက်ကူညီဆောင်ရွက်ဖို့ကို လုပ်ဆောင်ထားတာဖြစ်တယ်လို့လည်း ဆိုထားပါတယ်။