ပြီးခဲ့တဲ့ ရက်ပိုင်းက တောင်ကုတ်ကနေပြည်မကို ထွက်ခွါဖို့ ကြိုးစားတဲ့ ရခိုင်ဒေသခံလူငယ် ၈ ဦး နဲ့ ပွဲစာ နှစ်ဦးကို အာရက္ခတပ်တော်က ဖမ်းဆီးရမိခဲ့တယ်လို့ သက်ဆိုင်ရာ တာဝန်ရှိသူတွေ နဲ့ နီးစပ်တဲ့ သူတွေက ပြောပါတယ်။
ဖမ်းဆီးရမိထားတဲ့ သူတွေကတော့ တောင်ကုတ်မြို့နယ်၊မအီမြို့ခံဖြစ်တဲ့ ပွဲစားလင်မယား ဦးစောဦး နဲ့ ဒေါ်မိုးစန္ဒာအပါအဝင် တောင်ကုတ်မြို့တွင်းက အသက် ၁၈ နှစ် အရွယ် လူငယ် ၈ ဦးတို့ဖြစ်ကြပါတယ်။
လက်ရှိမှာတော့ အဲဒီလူငယ် ၈ ဦး အပါအဝင် ပွဲစားလင်မယား နှစ်ဦးကိုပါအရေးယူဆောင်ရွက်နိုင်ရေး အတွက် အာရက္ခတပ်တော်ကနေပြီးတော့ အာရက္ခတပ်ပြည်သူ့တော်လှန်ရေးအစိုးရ ဆီကို လွဲပြောင်းပေးအပ်ထားတယ်လို့ အဲဒီ သက်ဆိုင်ရာ တာဝန်ရှိသူနဲ့ နီးစပ်သူ တစ်ဦးက အခုလိုပြောပါတယ်။
“သူတို့ လင်မယားက လမ်းပြအဖြစ် နဲ့ ပွဲစားလုပ်ပြီးတော့ လိုက်ပြတာလို့ ပြောတယ်။အရင်လည်း သူတို့တွေက အဲဒီလိုလိုက်ပို့တာရှိတယ်လို့ ပြောတယ်။သူတို့ကိုက ရိုးလမ်းမှာ လှည့်ကင်းနဲ့ တိုးပြီးတော့ ဖမ်းမိတာ။အခုကတော့ အရေးယူဆောင်ရွက်နိုင်ဖို့ အာရက္ခတပ်ပြည်သူ့တော်လှန်ရေးအစိုးရ ဆီကို လွဲပြောင်းပေးအပ်ထားတယ်။အဲဒီကပဲ လိုအပ်တာတွေကို ဆက်လက်ဆောင်ရွက်တာလုပ်မယ်”လို့ သူကပြောပါတယ်။
အာရက္ခတပ်တော်ဟာ ပြီးခဲ့ တဲ့ မေလ ၂၂ ရက်နေ့မှာ အမျိုးသားကာကွယ်ရေးဆိုင်ရာ အရေးပေါ်ပြဌာန်းချက် NEDP ကိုပြဌာန်းချက်ကို ပြဌာန်းလိုက်ပြီးတော့ ရခိုင်မှာရှိနေတဲ့ ဒေသခံတွေ နဲ့ စစ်မှုထမ်းအကျုံးဝင်တဲ့သူတွေဟာ ရခိုင်ပြည်ပြင်ပကို ထွက်မယ်ဆိုရင် အကျိုးကြောင်းဆီလျော်မှု ရှိရမှာဖြစ်ပြီးတော့ ဒီလို အကျိုးကြောင်းဆီလျော်မှုမရှိရင် ရခိုင်ပြည်ပြင်ပကို ထွက်ခွာခွင့်မပေးဘူးလို့ သတင်းထုတ်ပြန်ပြောဆိုခဲ့ပါတယ်။
ဒါ့အပြင် NDEP ပြဋ္ဌာန်းချက်ထဲမှာ ရခိုင်ပြည်အတွင်းက နေပြီးတော့ နေရပ်စွန့်ခွာလိုသူတွေကို ကုန်းလမ်း၊ ရေလမ်းတွေကနေတဆင့် အခကြေးငွေယူပြီးတော့ သယ်ယူပို့ ဆောင်နေသူတွေ နဲ့ စားသောက်ကုန် ရောင်းဝယ်တဲ့ ကုန်သည်တွေ၊ နွားကုန်သည်တွေ အနေနဲ့လည်း သွားလာတဲ့ အချိန်မှာ လူအပိုတွေခေါ်ဆောင်သွားတာ၊ အခကြေး ငွေယူပြီးတော့ လူကယ်ရီပို့ဆောင်တာတွေကိုလည်း မလုပ်ရဘူးလို့တားမြစ်ထားခဲ့ပြီးတော့ ဒီတားမြစ်ချက်ကို မလိုက်နာတဲ့ သူတွေကို တည်ဆဲဥပဒေနဲ့ အရေး ယူတာကို ခံရမယ်လို့ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။
တဖက်မှာလည်း ရခိုင်မှာ ရှိတဲ့ လူငယ်တွေဟာ အလုပ်အကိုင်မရှိတာ၊ကုန်ဈေးနူန်းတွေ အဆမတန်မြင့်တက်တာ၊မိသားစု စားဝတ်နေရေး ခက်ခဲတာတွေကြောင့် ဒေသ အတွင်းက ရရာနည်းလမ်းတွေ နဲ့ စွန့်ကာ ပြည်မကို ထွက်ခွါဖို့ကြိုးစားနေကြတာတွေလည်း ရှိနေကြပါတယ်။




