Home နိုင်ငံရေး စစ်ကော်မရှင်က စစ်တွေကို စားကုန်တွေ မပို့တော့တဲ့ အတွက် အသား ငါးပြတ်လပ်မှုတွေရှိနေ

စစ်ကော်မရှင်က စစ်တွေကို စားကုန်တွေ မပို့တော့တဲ့ အတွက် အသား ငါးပြတ်လပ်မှုတွေရှိနေ

83
0
ပုံ - စစ်တွေဈေးမြင်ကွင်း။ ပုံဟောင်း။

Coastal News Agency

စစ်တွေမှာ စစ်ကော်မရှင်က စားသောက်ကုန်တွေ နဲ့ အသားတွေကို ကုန်စည်ပို့ဆောင်မှု မရှိတော့တာကြောင့် စစ်တွေမြို့နယ်အတွင်းမှာ အသားငါးပြတ်လပ်မှုတွေ ရှိလာနေပါတယ်။

စစ်တွေမြို့မှာ ရခိုင်တကျော့ပြန်တိုက်ပွဲ ဖြစ်ပွါးချိန်ကတည်းကပင် စစ်ကော်မရှင်က ငါးဖမ်းခွင့်တွေ၊သွားလာခွင့်တွေ နဲ့ ကုန်စည်တင်သွင်းခွင့်တွေကို ပိတ်ပင်ထားခဲ့ပါတယ်။

တဖက်မှာလည်း စစ်ကော်မရှင်တပ်တွေဟာ အပြစ်မဲ အရပ်သားပြည်သူတွေကို နည်းလမ်းမျိုးစုံ နဲ့ စွပ်စွဲကာ ဖမ်းဆီးတာတွေကို လုပ်ဆောင်တာတွေ ရှိနေတဲ့ အတွက် စစ်တွေမြို့တွင်းမှာ နေထိုင်နေကြတဲ့ ဒေသခံတွေဟာ စစ်ကော်မရှင်တပ်တွေ ရဲ့ မတရားဖမ်းဆီးတာကိုခံရမှာ စိုးရိမ်တဲ့ မိမိနေထိုင်ရာ နေရပ်တွေမှာ မနေထိုင်ရဲတော့ဘဲ ဘေးလွတ်ရာ နေရာတွေကို ထွက်ပြေးခဲ့ကြရပါတယ်။

အဲဒီလို ဒေသခံတွေဟာ မိမိ နေရပ်တွေမှာ မနေထိုင်ရတော့တဲ့ အတွက် အရင်ကလို တပိုင်းတနိုင် အိမ်တွင်းမွေးမြူရေး လုပ်ငန်းတွေကိုလည်း မလုပ်ဆောင်နိုင်တော့တာကြောင့် နေ့စဉ်စားသောက်နေကြရတဲ့ အသားငါး နဲ့ စားသောက် ကုန်တွေကို ပြည်မကို မှီခိုအားထားကာ စားသောက်လာကြရတာလည်း ဖြစ်ပါတယ်။

အရင်တုန်းကတော့ စစ်ကော်မရှင် အနေ နဲ့ ဒီလို နေ့စဉ်စားသောက်ကုန်တွေ ဖြစ်တဲ့ အသားငါးတွေကို ပြတ်လပ်မှု မရှိအောင် လုပ်ဆောင်ပေးခဲ့တာတွေ ရှိခဲ့ပေမယ့် ဒီစက်တင်ဘာလ အစပိုင်ကပင် စပြီးတော့ စစ်ကော်မရှင်ဟာ စစ်တွေမြို့ကို အသားငါးတွေ တင်ပို့တာကို မလုပ်ဆောင်တော့ဘဲ ပိတ်ထားလိုက်တဲ့ အတွက် စစ်တွေမြို့တွင်းမှာ ရှိနေတဲ့ ဒေသခံတွေဟာ အသားငါးပြတ်လပ်မှုဒဏ်တွေကိုပါ ရင်ဆိုင်လာနေရတာ ဖြစ်တယ်လို့ စစ်တွေမြို့ခံတစ်ဦးက ပြောပါတ​ယ်။

“လက်ရှိက အမဲသား၊ဝက်သား၊ကြက်သား၊ငါးဆိုတာတွေကို အရုပ်ရေးပြရမယ့် အဆင့်ရှိတယ်။အရင်တုန်းက ရေကြောင်း နဲ့ လေကြောင်းက ဒီစားသောက်ကုန်တွေကို ပို့တယ် အနည်းဆုံး တစ်ပတ်မှာ လေကြောင်းတစ်ခေါက် ၊ရေကြောင်းတစ်ခေါက်ရောက်တယ်။အခုက လေကြောင်းကလည်းပို့တာမရှိသလို ၊ရေကြောင်းကလည်း ပို့တာမရှိတော့ဘူး။အသားငါး ပြတ်လပ်မှုက အကြီးအကျယ်ဖြစ်နေတာ ဖြစ်တယ်”လို့ သူကပြောပါတယ်။

စစ်တွေမြို့နယ် အတွင်းမှာ ရခိုင်တကျော့ပြန်တိုက်ပွဲ စတင်ချိန်ကတည်းကပင် ဝက်သားတစ်ပိသာကို ၇၀၀၀၀၊အမဲသားတစ်ပိသာကို ၈၀၀၀၀ နဲ့ ကြက်သားတစ်ပိသာကို ၅၀၀၀၀ ဝန်ကျင်အထိဈေးမြင့်တက်တာ ရှိခဲ့ပြီးတော့ လက်ရှိမှာတော့ စစ်ကော်မရှင်က စားကုန်တွေကို တင်သွင်းတာ မရှိတော့ အတွက် အဲဒီလို အမြင့်ဆုံးဈေးတွေ နဲ့တောင်ဝယ်ယူလို့ မရဖြစ်နေတာလည်းဖြစ်ပါတယ်။

တဖက်မှာလည်း တခါတလေရောက်လာတဲ့ စားသောက်ကုန်တွေကို စစ်ကော်မရှင်က ရခိုင်တွေကို ရောင်းချတာမဟုတ်ဘဲ မွတ်ဆလင်တွေကိုသာ ရောင်းချတာ ဖြစ်ပြီးတော့ အဲဒီမွတ်ဆလင်တွေ ဆီကနေတဆင့် ရခိုင်တွေက ပြန်လည်ဝယ်ယူစားသောက်ရတာလည်း ဖြစ်ပါတယ်။

“ကုန်တွေ ရောက်လာရင်လည်း စစ်တပ်က ရခိုင်တွေကို ဖောက်သည်မပေးဘူး သူတို့ အတွက် စစ်မှုထမ်းလုပ်ပေးတဲ့ မွတ်ဆလင်တွေကိုပဲ ဖောက်သည်ပေးတယ် သူတို့က တဆင့်မှ ကျနော်တို့က ဝယ်စားရတယ်။မွတ်ဆလင် စီးပွား ရေးသမားတွေက စစ်တပ်နဲ့ ပေါင်းပြီးတော့ စစ်မှုထမ်းကိစ္စအတွက် လူတွေကိုလည်း ရှာပေးတာတွေ ရှိတယ် အဲဒါကြောင့် စစ်တပ်က သူတို့ကိုပဲ ရောင်းချတာဖြစ်တယ်”လို့ နောက်ထပ် စစ်တွေဒေသခံ တစ်ဦးကပြောပြတာလည်း ဖြစ်ပါတယ်။

ရခိုင်မှာ စစ်ကော်မရှင်ကထိန်းချုပ်ထားတဲ့ မြို့တွေ ဖြစ်တဲ့ ကျောက်ဖြူ၊စစ်တွေ နဲ့ မာန်အောင်မြို့တွေမှာ သူတို့ ခွင့်ပြုချက်မရဘဲ ကုန်ပစ္စည်းတွေကို သယ်ယူခွင့် ပိတ်ပင်ထားတဲ့ အတွက် ဒေသခံတွေဟာ ကုန်ဈေးနူန်းမြင့်တက်မှု ဒဏ်ကို များစွာရင်ဆိုင်နေကြရတာလည်းဖြစ်ပါတယ်။

တဖက်မှာလည်း ဒေသခံတွေဟာ အလုပ်အကိုင်ရှားပါးတာတွေကြောင့် စားဝတ်နေရေး အငတ်ဘေးတွေ နဲ့ ရင်ဆိုင်နေကြရပြီးတော့ မိသားစုလိုက် မိမိကိုမိမိ အဆုံးစီရင် သတ်ဖြတ်ကာ သေဆုံးမှုတွေလည်း ရှိနေကြပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here