ကျောက်ဖြူမြို့ အတွင်းက နေရာ ၃ နေရာထက်မနည်းမှာ အာရက္ခတပ်တော် နဲ့ စစ်ကော်မရှင်တပ်တွေဟာ ဒီနေ့အထိ နှစ်ဖက်တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေဆဲ ဖြစ်တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ပြောပါတယ်။
အဲဒီလို နှစ်ဖက်တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ နေရာတွေက တော့ စစ်ကော်မရှင်တပ်ရဲ့ အမှတ် ၃၂ တပ်ရင်းအနီးဝန်းကျင် နဲ့ သစ်ပုတ်တောင်၊လိပ်ခမော်ကျေးရွာ အနီးတဝိုက်မှာ ဖြစ်ပွါးနေတာ ဖြစ်တယ်လို့ ဆိုပါတယ်။
စစ်ကော်မရှင်တပ်တွေ နဲ့ အာရက္ခတပ်တော်တို့ဟာ စက်တင်ဘာလ အစပိုင်းကတည်းကပင် စတင်ပြီးတော့ နှစ်ဖက်ထိတွေ့တိုက်ပွဲတွေ မကြာခဏဆိုသလို ဖြစ်ပွါးလာတာဖြစ်ပြီးတော့ လက်ရှိမှာတော့ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွါးမှုတွေဟာ တစ်နေ့ထက်တစ်နေ့ ပိုပြင်းထန်လာနေတာ ဖြစ်တယ်လို့ ကျောက်ဖြူသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
“တိုက်ပွဲဖြစ်တာကတော့ ခပ်စိပ်စိပ်ဖြစ်လာတယ် ဒီရက်ပိုင်းတွေမှာ အရင်လအစပိုင်းကတော့ ထိတွေ့တိုက်ပွဲ ခဏဖြစ်တာလောက်ပဲ ရှိတယ်။ အခုက တနေကုန်ပစ်ခတ်သံတွေ ကြားနေရတယ်။ဖြစ်နေတာကတော့ အဲဒီ ရဲတပ်ရင်း အနားတွေမှာလည်းဖြစ်နေတယ်။တစ်နေရာနဲ့ တစ်နေရာတော့ မတူဘူး အချို့နေရာတွေမှာ အေအေက ထိုးစစ်ဆင်တာရှိတယ်။တချို့နေရာတွေမှာ စစ်ကော်မရှင်က ထိုးစစ်ဆင်တာတွေ ရှိနေတယ် အဲဒီလို နှစ်ဖက်တိုက်ပွဲတွေ ဖြစ်နေတာဖြစ်တယ်”လို့ သူကပြောပါတယ်။
တဖက်မှာလည်း စစ်ကော်မရှင်တပ်တွေဟာ ကျောက်ဖြူမြို့ကို လက်မလွတ်ရရေး အတွက် မာန်အောင်ကို ပို့ဆောင်ထားတဲ့ စစ်ကူအင်အားတွေကို ဆက်တိုက်ပို့ဆောင်ကာ ခုခံစစ်၊ထိုးစစ်တွေ နဲ့ အာရက္ခတပ်တော်ကို ခုခံတိုက်ခိုက်နေတာတွေ ရှိနေသလို တရုတ်အကူအညီ နဲ့ နည်းပညာအဆင့်မြင့်ဒရုန်းတွေကို အသုံးပြုပြီးတော့ အာရက္ခတပ်တော်ကို ထိုးစစ်ဆင်တိုက်ခိုက်တာတွေ လုပ်ဆောင်နေတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေကပြောပါတယ်။
အဲဒီလိုနှစ်ဖက်တိုက်ခိုက်မှု ပြင်းထန်နေတာကြောင့် အကျအရှုံးတွေဟာလည်း နှစ်ဖက် ကျရှုံးမှုတွေလည်း ရှိနေတယ်လို့ ကျောက်ဖြူ စစ်ရေး သတင်းရင်းမြစ်တစ်ဦးကပြောပါတယ်။
“စကစက တရုတ်အကူအညီ နဲ့ နည်းပညာအဆင့်မြင့်ဒရုန်းတွေ နဲ့ တိုက်ခိုက်တဲ့ နေရာမှာ တပ်တော်ကလည်း ထိခိုက်တာ ရှိတယ်။မြေပြင်တိုက်ပွဲ ဖြစ်လို့ ပစ်ကြတယ်ခတ်ကြတယ်ဆိုရင်တော့ စကစ ကသေတာများတယ်။ညဘက် ဒရုန်း တွေ နဲ့ တိုက်ခိုက်တဲ့ နေရာမှာတော့ တပ်တော်ဖက်က ထိခိုက်ဒဏ်ရာရတာတွေ ရှိတယ်”လို့ သူကပြောပါတယ်။
ကျောက်ဖြူအတွင်းမှာ အာရက္ခတပ်တော် အနေ နဲ့ လက်ရှိသိမ်းပိုက်နိုင်ဖို့ အတွက် ခြေလျင်တပ်ရင်း ခလရ – ၃၄၊ ခြေမြန်တပ်ရင်း ခမရ – ၅၄၂၊ ခမရ – ၅၄၃၊ ဓညဝတီရေတပ်ဌာနချုပ်၊အမှတ် ၃၂ ရဲတပ်ရင်း၊ တောင်မော်ကြီး ရေတပ်စခန်း၊ အုန်းကျွိန် ရေတပ်ဌာနခွဲတို့ကို သိမ်းပိုက်ဖို့ ကျန်ရှိနေသေးတာလည်းဖြစ်ပါတယ်။