Home နိုင်ငံရေး အေအေလက်အောက်ရှိ ခရိုင် ၃ ခုက ဝန်းထမ်းတွေ တာဝန်ထမ်းဆောင်ရေးအတွက် ကြိုတင်ပြင်ဆင်ထားဖို့ စစ်ကော်မရှင် အကြောင်းကြားထား

အေအေလက်အောက်ရှိ ခရိုင် ၃ ခုက ဝန်းထမ်းတွေ တာဝန်ထမ်းဆောင်ရေးအတွက် ကြိုတင်ပြင်ဆင်ထားဖို့ စစ်ကော်မရှင် အကြောင်းကြားထား

111
0
ပုံ - သံတွဲ မြို့နယ် အတွင်းကို ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်းရောက်ရှိလာစဉ်က ။ပုံဟောင်း MOI

Coastal News Agency

အာရက္ခတပ်တော် (အေအေ) ထိန်းချုပ်မှုအောက်မှာရှိတဲ့ ခရိုင် ၃ ခုက တာဝန်ကျရာ ဝန်ထမ်းတွေ အနေ နဲ့ အဲဒီနေရာမှာ ပြန်လည်တာဝန်ထမ်းဆောင်ကြဖို့ အတွက် ကြိုတင်ပြင်ဆင်မှုတွေ လုပ်ဆောင်ထားကြဖို့ကို စစ်ကော်မရှင်က လျှို့ဝှက် အကြောင်းကြားစာပေးပို့ထားတယ်လို့ ရခိုင် ဝန်ထမ်းအသိုင်းအဝိုင်းတွေကပြောပါတယ်။

အဲဒီလို စစ်ကော်မရှင်က ညွန်ကြားထားခဲ့တဲ့ ခရိုင် ၃ ခုကတော့ ရခိုင်တောင်ပိုင်းမှာ ရှိတဲ့ အမ်းခရိုင်၊တောင်ကုတ်ခရိုင် နဲ့ သံတွဲခရိုင်က ဝန်ထမ်းတွေ ဖြစ်ကြတယ်လို့ ဆိုပါတယ်။

ဒီညွန်ကြားချက်ကို စစ်ကော်မရှင်က ပြီးခဲ့တဲ့ ဩဂုတ်လ ၂၆ ရက်နေ့က ပေးပို့ခဲ့တာ ဖြစ်ပြီးတော့ သူတို့ အနေ နဲ့တော့ တစ်စုံတရာ ပြင်ဆင်တာမျိုးတော့ မရှိသေးဘူးလို့ သံတွဲကနေပြီးတဲ့ နေပြည်တော်ကို စစ်ဘေးရှောင်ဖို့ ရောက်နေတဲ့ ကျောင်းဆရာမတစ်ဦးက အခုလို ပြောပါတယ်။

“ဒီညွန်ကြားချက်ထွက်လာတာတော့ မှန်ပါတယ် ကျမတို့ အနေ နဲ့ တော့ ဘာမှတော့ ပြင်ဆင်တာတော့ မရှိဘူး ကျမတို့တောင် ဘယ်ကနေ ကိုယ့်အိမ်ကိုယ်နေရာတွေကို ပြန်ရမယ်ဆိုတာကိုသေသေချာချာမသိသေးဘူး။သူတို့က အဆင်သင့် ပြင်ထားဖို့ အတွက်ကို ပြောထားတာဖြစ်တယ်”လို့ သူကပြောပါတယ်။

စစ်ကော်မရှင်အခုညွန်ကြားထားတဲ့ အမ်းခရိုင်ထဲမှာ အမ်းမြို့ နဲ့ တပ်တောင်မြို့ပါဝင်ပြီးတော့ တောင်ကုတ်ခရိုင်ထဲမှာတော့ တောင်ကုတ်မြို့၊မအီမြို့၊တန်းလွဲရွာမမြို့ နဲ့ မာန်အောင်မြို့နယ်တွေ ပါဝင်သလို သံတွဲခရိုင်ထဲမှာတော့ သံတွဲမြို့၊ငပလီမြို့ ၊ဂွမြို့ နဲ့ ကျိန္တလီမြို့တွေ ပါဝင်နေတာလည်းဖြစ်ပါတယ်။

အဲဒီထဲက မာန်အောင်မြို့တစ်ခုသာ စစ်ကော်မရှင်ရဲ့ ထိန်းချုပ်မှု အောက်မှာ ရှိနေတဲ့မြို့ တစ်ခု ဖြစ်ပြီးတော့ စစ်ကော်မရှင် အနေ နဲ့ အခုလို ထုတ်ပြန်ချက် ထုတ်ပြန်လာဟာ အာရက္ခတပ်တော် ထိန်းချုပ်ထားတဲ့ မြို့တွေကို ပြန်လည်ထိုးစစ်ဆင် တိုက်ခိုက်တာတွေလုပ်ဆောင်မယ် ဆိုတဲ့ သဘောကို သက်ရောက်နေတာ ဖြစ်တယ်လို့ ရခိုင်နိုင်ငံရေး အသိုင်းအဝိုင်းတွေက သုံးသပ်ပြောဆိုမှုတွေ ရှိနေကြပါတယ်။

ဒီအခြေအနေ နဲ့ ပတ်သက်ပြီး စစ်ကော်မရှင်တပ် နဲ့ နီးစပ်သူ တစ်ဦးပြောတာက “စစ်ကော်မရှင်က အဲဒီနေရာတွေကို ရေတပ်အားကို ဒရုန်းအားကို နဲ့ ပြန်ပြီးတော့ ထိုးစစ်ဆင်ဖို့ ကြိုးစားနေတာတွေ ရှိနေတယ်။ ဒီရက်ပိုင်း အတွင်းမှာလည်း တရုတ်က ဒရုန်းနည်းပညာ ၂ဖွဲ့ရောက်ဖို့ ရှိနေတယ်။ဆိုတော့ ဒီနေရာတွေက ရွေးကောက်ဖို့ လုပ်ဖို့ဆိုပြီးတော့ လုပ်ထားတဲ့နေရာတွေလည်း ဖြစ်တယ် ဒီနေရာတွေမှာ ဗုံးမိုးတွေ ရွာနိုင်တဲ့ အနေအထားတွေ ရှိနေတယ်”လို့ သူကပြောပါတယ်။

အဲတာကြောင့် အာရက္ခတပ်တော် အနေ နဲ့ ဒီအချက်တွေကို သတိထားဖို့ လိုအပ်နေတယ်လို့လည်း သူက သုံးသပ်ပြောဆိုထားပါတယ်။

လက်ရှိမှာလည်း စစ်ကော်မရှင်ဟာ စစ်အင်အား အလုံး အရင်း နဲ့ အာရက္ခတပ်တော်က အပြီးသတ်သိမ်းပိုက်ထားပြီးဖြစ်တဲ့ ရခိုင် ရိုးမ အစပ်က ဧရာဝတီတိုင်း-ရခိုင်အစပ်၊ ပဲခူးတိုင်း-ရခိုင်အစပ် နဲ့ မကွေးတိုင်း နဲ့ ရခိုင်အစပ်က နေရာတွေကို ဒရုန်း ၊လေကြောင်း နဲ့ မြေပြင်စစ်အင်အားတွေ အလုံး အရင်းဖြည့်တင်းကာ ထိုးစစ်ဆင်တိုက်ခိုက်တာတွေကို အပြင်းအထန်ပြင်လုပ်ဆောင်နေတာလည်း ဖြစ်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here