Home သတင်း စစ်ရေး ULA/AAအနေ နဲ့ ရခိုင် – ဘင်္ဂလားဒေ့ရှ် နယ်စပ်မှာ ARSA နဲ့ RSO ကာကွယ်တိုက်ဖျက်ရေးကို အထူးတိုးမြှင့် လုပ်...

ULA/AAအနေ နဲ့ ရခိုင် – ဘင်္ဂလားဒေ့ရှ် နယ်စပ်မှာ ARSA နဲ့ RSO ကာကွယ်တိုက်ဖျက်ရေးကို အထူးတိုးမြှင့် လုပ် ဆောင်မယ်လို့ဆို

70
0

Coastal News Agency

နယ်စပ်တလျှောက်စိမ့်ဝင်ပြီးတော့ ရခိုင်ပြည်သူတွေကို အကြမ်းဖက်သတ်ဖြတ်နေတဲ့ အစ္စလာမ်မစ်အစွန်းရောက် စစ်သွေးကြွလက်နက်ကိုင်တပ်ဖွဲ့ဝင်တွေ ဖြစ်တဲ့ ARSA၊RSO လက်နက်ကိုင် အဖွဲ့တွေရဲ့ ကာကွယ်တိုက်ဖျက်ရေးကို အထူးတိုးမြှင့် လုပ်ဆောင်မယ်လို့ အာရက္ခတပ်တော်က စက်တင်ဘာလ ၁၉ ရက်နေ့မှာ သတင်းထုတ်ပြန်ပြောဆိုလာပါတယ်။

မောင်တောခရိုင်အတွင်းကို နယ်စပ်ကတဆင့် ခိုးဝင်ပြီးရောက်ရှိလာတဲ့ အစ္စလာမ်စ်အစွန်းရောက်အဖွဲ့တွေဟာ လူသူကင်းဝေးတဲ့တောတောင်တွေ၊လူပြတ်သောနေရာတွေမှာ ဟင်းရှာ၊ထင်းခုတ်၊ဈေးဝယ်သွားလာနေကြသော ဒေသခံပြည်သူလူထုတွေထဲက မွတ်ဆလင်မဟုတ်တဲ့ သူတွေကို ချောင်းမြောင်းပစ်ခတ်တာ၊ပြန်ပေးဆွဲတာ နဲ့ သတ်ဖြတ်တာတွေကို ဒီရက်ပိုင်းအတွင်းမှာ ဆက်တိုက်လုပ်ဆောင်မှုတွေ ရှိနေတယ်လို့ ဆိုပါတယ်။

အဲဒီလို အစ္စလာမ်စ်အစွန်းရောက် ARSA၊RSO စစ်သွေးကြွလက်နက်ကိုင်အဖွဲ့တွေအနေ နဲ့ ရခိုင် – ဘင်္ဂလားဒေ့ရှ့် နယ်စပ်ဒေသမှာ လုပ်ဆောင်နေတဲ့ အတွက် ရခိုင်မှာ ရှိတဲ့ အပြစ်မဲ့ အရပ်သား မိဘပြည်သူတွေ ရဲ့ အသက် အိုးအိမ် ၊စည်းစိမ်တွေကို ခြိမ်းခြောက်ခံနေရတာကြောင့် လုံခြုံရေးအရ သတိထားရမယ့် အချိန်ကာလဖြစ်တယ်လို့လည်း ဆိုထားပါတယ်။

အဲဒါကြောင့် ရခိုင် – ဘင်္ဂလားဒေ့ရှ် နယ်စပ်မှာနေထိုင်နေကြတဲ့ ရခိုင်ပြည်သူတွေ အနေ နဲ့ တောတောင် နဲ့ လူပြတ်တဲ့ နေရာတွေကို သွားလာတဲ့ အခါမှာလည်း လူအနည်းစု နဲ့ သွားလာတာတွေကို အတတ်နိုင်ဆုံးရှောင်ရှားကြဖို့ နဲ့ ကျန်းမာရေး ကိစ္စနဲ့မသွားမဖြစ်သွားလာရမယ့် အရေးကြီးကိစ္စတွေရှိခဲ့ရင်လည်း အာရက္ခပြည်သူ့ တော်လှန်ရေးအစိုးရ ရဲ့ အုပ်ချုပ်ရေး နဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို သတင်းပို့ သွားလာဖို့ကိုလည်း သတိပေးပြောဆိုထားပါတယ်။

တဖက်မှာလည်း အစ္စလာမ်စ်အစွန်းရောက် ARSA၊RSO စစ်သွေးကြွလက်နက်ကိုင်အဖွဲ့တွေဟာ အာရက္ခတပ်တော် နဲ့ အပြင်းအထန်တိုက်ပွဲဖြစ်ပွါးနေတဲ့ ပုံစံပုံဖော်က မီဒီယာတွေမှာ ဝါဒဖြန့်လှုံ့ဆော်တာတွေကိုလုပ်ဆောင်နေတာတွေ ရှိနေသလို တောတောင်ထဲ၊လူသွားလူလာပြတ်တဲ့ မွတ်ဆလင်လူမျိုးမဟုတ်တဲ့ ပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်ကာ အာရက္ခတပ်တော်ရဲ့ ယူနီဖောင်းတွေကိုလဲလှယ်ပြီးတော့ တိုက်ပွဲအတွင်းမှာ သူတို့ဖမ်းဆီးရမိခဲ့တယ်ဆိုတဲ့ ပုံစံ နဲ့ မှားရိုက်လှည့်စားကာ လုပ်ကြံဖန်တီးပြီးတော့ ဆိုရှယ်မီဒီယာတွေမှာချပြနေတာတွေလည်း ရှိနေတယ်လို့ အာရက္ခတပ်တော် ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အစ္စလာမ်စ်အစွန်းရောက်အဖွဲ့တွေ အနေ နဲ့ အခုလို လုပ်ဆောင်နေတာဟာ အစ္စလာမ်စ်အစွန်းရောက်အဖွဲ့တွေဆီကနေ အားပေးမှု ထောက်ပံ့မှုတွေ ပိုမိုရရှိနိုင်ဖို့ ကြိုးစားဆောင်ရွက်နေတာ ဖြစ်တယ်လို့လည်း ဆိုထားပါတယ်။

အဲဒါကြောင့် အစ္စလာမ်စ်အစွန်းရောက်အဖွဲ့တွေကို အာရက္ခတပ်တော် အနေ နဲ့ ကာကွယ်တိုက်ဖျက်ရေးကို အထူးတိုးမြှင့် လုပ်ဆောင်တဲ့နေရာမှာ ရခိုင်- ဘင်္ဂလားဒေ့ရှ့် နယ်စပ်နယ်စပ်ဒေသမှာ နေထိုင်နေကြတဲ့ ပြည်သူတွေ အနေ နဲ့လည်း ပူးပေါင်းပါဝင်ကြဖို့ကို တိုက်တွန်း ပြောဆိုထားပါသေးတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here