Home လူ့အခွင့်အရေး စစ်တွေထောင်မှာ စစ်ကော်မရှင်က ဆေးကုသခွင့်မပေးတဲ့ အတွက် နိုင်ငံရေးအကျဉ်းသားတစ်ဦး သေဆုံး

စစ်တွေထောင်မှာ စစ်ကော်မရှင်က ဆေးကုသခွင့်မပေးတဲ့ အတွက် နိုင်ငံရေးအကျဉ်းသားတစ်ဦး သေဆုံး

34
0

Coastal News Agency

စစ်တွေထောင်တွင်းက နိုင်ငံရေးအကျဉ်းသားတစ်ဦးကို စစ်ကော်မရှင်က ဆေးကုသခွင့် မပေးခဲ့တဲ့အတွက် နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံထားရတဲ့ နိုင်ငံရေး အကျဉ်းသား တစ်ဦးသေဆုံးခဲ့ရတယ်လို့ ရခိုင်နိုင်ငံရေးအကျဉ်းသားဟောင်းအသိုင်းအဝိုင်းတွေဆီက သိရပါတယ်။

သေဆုံးသွားခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသားတစ်ဦး ကတော့ စစ်တွေမြို့ ၊စက်ရုံစုရပ်ကွက်က အသက် ၅၈ နှစ်အရွယ် ဦးသန်းထွန်းစိန် ဖြစ်ပြီးတော့ သူဟာ စက်တင်ဘာလ ၁၈ ရက်နေ့မှာ သေဆုံးသွားခဲ့ရတာဖြစ်တယ်လို့ ဆိုပါတယ်။

ဦးသန်းထွန်းစိန်ဟာ စစ်ကောင်စီလက်ထက်မှာ မတရားဖမ်းဆီးတာကို ခံခဲ့ရပြီးတော့ မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇(၁) အပါအဝင် တခြားပုဒ်မတွေ နဲ့ တရားစွဲဆိုတာကို ခံခဲ့ရပြီးတော့ ၂၀၂၄ ခုနှစ်မှာ တော့ သူ့ကို စစ်တွေခရိုင်တရားရုံးကနေ ထောင်ဒဏ် အနှစ် ၄၀ ချမှတ်တာကို ခံခဲ့ရတာလည်းဖြစ်ပါတယ်။

အဲဒီနောက် သူဟာ စစ်တွေထောင်တွင်းမှာ လေးဘက်နာရောဂါ အပါအဝင် အစာအိမ်ရောဂါဒဏ်ကို အပြင်းအထန်ခံစားလာရတဲ့ အတွက် စစ်ကောင်စီ လက်ထက် နဲ့ လက်ရှိ စစ်ကော်မရှင်လက်ထက်မှာ အပြင်ထွက်ကာ ဆေးဝါးကုသခွင့်တောင်းခဲ့ပေမယ့် အချိန်မှီဆေးဝါးကုသခွင့် မပေးခဲ့တာကြောင့် စက်တင်ဘာလ ၁၈ ရက်နေ့မှာ သေဆုံးခဲ့ရတာ ဖြစ်တယ်လို့ ရခိုင်နိုင်ငံရေးအကျဉ်းသားဟောင်း တစ်ဦးက အတည်ပြုပြောပါတယ်။

“ကျနော်တို့ကတော့ မနေ့က သိရတယ် သတင်းတွေမှာတွေလို့ လိုက်ပြီးစုံစမ်းတော့ သူ့ရောဂါအခြေအနေက တော်တော်ဆိုးနေတာကြောင့် ဆေးမမှီဖြစ်ပြီးတော့ သေဆုံးရတာဖြစ်တယ်လို့ သိရတယ်။အဓိက ဆေးကုသဖို့ ထုတ်ပေးတာ နောက်ကျတာပေါ့ ။အလောင်းကိုတော့ မိသားစုကိုတောင် မပေးဘူးပြောတယ် အဏာပိုင်တွေကပဲ ယူပြီးတော့ သင်္ဂြိုလိုက်တယ်လို့ ပြောတယ်”လို့ သူကပြောပါတယ်။

နိုင်ငံရေးအကျဉ်းသား ဦးသန်းထွန်းစိန်ဟာကို စစ်ကော်မရှင်လက်အောက်ခံ ထောင်အာဏာပိုင်တွေဟာ ပြီးခဲ့တဲ့ ရက်ပိုင်းကမှသာ သူ့ရဲ့ ကျန်းမာရေးအခြေအနေ အလွန်တရာဆိုးရွားလာတဲ့ အတွက် စစ်တွေအကျဉ်းထောင်ကနေ စစ်တွေမြို့ဆေးရုံကို ပို့ဆောင်ကာ ဆေးကုသဖို့ပြင်ဆင်ပေးခဲ့ ပေမယ့် အချိန်မမှီတော့တဲ့ အတွက် အသက်ဆုံးရှုံးလိုက်ရတာလည်း ဖြစ်တယ်လို့ ဆိုပါတယ်။

တဖက်မှာလည်း စစ်တွေထောင်အတွင်းမှာ အကျဉ်းကျခံနေရတဲ့ အကျဉ်းသားအများစုဟာ အကျဉ်းသားတွေရဲ့ ရပိုင်ခွင့်ဖြစ်တဲ့ ဆေးဝါးကုသခွင့်၊ကျန်းမာရေးစောင်ရှောက်ခွင့် တွေကို အပြည့်အဝ မပေးတဲ့ အပြင်ထောင်တွင်းညှင်းပန်းနှိပ်စက်တာတွေကိုလည်း အကျဉ်းသားတွေ အနေ နဲ့ ပြုလုပ်ခံနေကြရတယ်လို့လည်းဆိုပါတယ်။

စစ်တွေထောင်တွင်းမှာ ကြုံတွေ့ခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသူဟောင်း တစ်ဦးပြောပြတာက “အမျိုးသားဆောင်တွေ ရော အမျိုးသမီး အဆောင်တွေရော ကြပ်ပိတ်သိပ်နေတယ်။ စစ်တွေထောင်မှာက ဆေးရုံကို တင်ဖို့ အတွက် တော် တော် ခက်ခဲပါတယ်။ကျမတို့ဆိုရင် လက်တွေ့ ခံစားခဲ့ရတာဖြစ်တယ်။ဆရာဝန်တွေကိုယ်တိုင်က ဒီလူနာကို ဆေးရုံတင်ရမယ်လို့ပြောတာတောင် ဆေးရုံတင်ကုသခွင့် မရဘဲ ထောင်ထဲကိုချက်ခြင်းပြန်ပို့တယ်။အစာအဟာရ ဆေးဝါး လုံလောက်မှု မရှိလို့ လုံးလုံးသေကောင်ပက်လက်ဖြစ်တဲ့ အခါမှ ဆေးရုံတွေကိုပို့တာဖြစ်တယ်။ထောင်မှာ ထောင်အာဏာပိုင်တွေ ပြောတဲ့ စကားရှိတယ် အကျဉ်းသားတစ်ယောက်သေရင် စာရွက်တရွက်ဘဲကုန်တယ်ဆိုတဲ့ စကားကို အမြဲပြောတယ် အဲဒီလို အရမ်းရင့်သီးတဲ့ စကားပြောတာတွေကိုလည်း ကိုယ်တွေလည်း ရင်ဆိုင်ခဲ့ရပါတယ်”လို့ သူပြောပြပါတယ်။

မြန်မာနိုင်ငံအတွင်းမှာ စစ်တပ်က ပြည့်သူရွေးကောက်ခံအစိုးရကို အာဏာသိမ်းလိုက်ပြီးနောက်ပိုင်းမှာ စစ်ကောင်စီ (စစ်ကော်မရှင်)ဟာ နိုင်ငံ အတွင်းက အရပ်သားပြည်သူတွေကို မတရားဖမ်းဆီးထောင်ချတာတွေကို ဆက်တိုက် လုပ်ဆောင်တာရှိခဲ့ပြီးတော့ အဲဒီလို ဖမ်းဆီးထောင်ချခံရတဲ့ သူအများစုဟာလည်း ထောင်းတွင်းမှာ ညှင်းပမ်းနှိပ်စက်တာ ကျန်းမာရေးစောင့်ရှောက်မှု လုံလုံလောက်လောက် မပေးတာတွေကြောင့် အကျဉ်းသားတွေ များစွာ အသက်ဆုံးရှုံးမှုတွေ ရှိနေကြရတယ်လို့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အဖွဲ့တွေရဲ့ ထုတ်ပြန်ချက်တွေ အရ သိရပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here