အာရက္ခတပ်တော်က ခေါ်ယူထိန်းသိမ်းထားတဲ့ BNA သတင်းထောက် မုဒြာ ကိုပြန်လွှတ်ပေးဖို့ လွတ်လပ်သောမြန်မာသတင်းစာဆရာများ အစည်းအရုံး IMJA နဲ့ CPJ က ဒီနေ့မှာ သတင်းထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။
ရခိုင်ပြည် ၊ မောင်တောအခြေစိုက် Border News Agency သတင်းဌာနက အမျိုးသမီးသတင်းထောက်မုဒြာကို စက်တင်ဘာလ ၂၀ ရက်နေ့၊ မြန်မာစံတော်ချိန် မနက် ၁၁ နာရီကျော်အချိန်မှာ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA) ရဲ့ ထောက်လှမ်းရေးအဖွဲ့က မောင်တောမြို့မှာ ရှိတဲ့ သူမရဲ့ နေအိမ်အတွင်းမှာ လာရောက်ခေါ်ယူသွားခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီလိုခေါ်ယူသွားပြီးတဲ့ နောက်မှာတော့ သတင်းထောက် မဒြာဟာ မိသားစုတွေ နဲ့ အဆက်အသွယ်ပြန်ထောက်နေတယ်လို့ IMJA အနေ နဲ့ သိရှိထားရပြီးတော့ အခုလို အဆင်အသွယ်မရ ဖြစ်နေတဲ့ အပေါ်မှာ အထူးစိုးရိမ်မိတယ်လို့လည်း ဆိုထားပါတယ်။
ဒီမိုကရေစီ လူ့အဖွဲ့အစည်းအတွင်းမှာ သတင်းထောက်တွေ ရဲ့ အရေးပါတဲ့ အခန်းကဏ္ဍကို အသိအမှတ်ပြုပြီးတော့ သတင်းမီဒီယာသမားများကို အကာအကွယ်ပေးတဲ့ နိုင်ငံတကာဥပဒေတွေကို လေးစားလိုက်နာပြီးတော့ သတင်း ထောက် မုဒြကို အမြန်ဆုံးလွှတ်ပေးဖို့ကိုလည်း အာရက္ခ တပ်တော် (AA)ကို အားလေးစားစွာ နဲ့ တိုက်တွန်းတောင်းဆိုတယ်လို့ IMJA က တောင်းဆိုထားပါတယ်။
နယူးယောက်အခြေစိုက် သတင်းသမားများ ကာကွယ်စောင့်ရှောက်ရေးကော် မတီ (Committee to Protect Journalists – CPJ) ကလည်း အာရက္ခတပ်တော် အနေ နဲ့ ဖမ်းဆီးထားတဲ့ BNA သတင်းဌာန ရဲ့ အမျိုးသမီးသတင်း ထောက် မုဒြာ ကိုပြန်လွှတ်ပေးဖို့ ကိုတောင်းဆိုထားသလို ရခိုင်ပြည် အတွင်းမှာ သတင်းထောက်တွေအားလုံးကိုလည်း လွတ်လပ်စွာ သတင်းယူခွင့်ပေးရမယ်လို့ ဆိုထားပါတယ်။
ဒီ သတင်းထောက်ဖမ်းဆီးထားမှု အခြေအနေ နဲ့ တွေ နဲ့ ပတ်သက်ပြီးတော့ အာရက္ခတပ်တော်ဘက်က တစုံတစ်ရာ ထုတ်ပြန်ပြောဆိုလာတာကိုတော့ မတွေ့ရသေးပါဘူး။ လက်ရှိဖမ်းဆီးခံရတဲ့ BNA သတင်းထောက်မုဒြာဟာ အာရက္ခတပ်တော် ထိန်းချုပ်ထားတဲ့ ဒေသအတွင်းမှာ ပထမဆုံး ဖမ်းဆီးခံရတဲ့ သတင်းထောက်တစ်ဦးလည်းဖြစ်ပါတယ်။




