မြန်မာနိုင်ငံ အတွင်းမှာ စစ်ကော်မရှင်တပ်တွေ နဲ့ လက်နက်ကိုင်အဖွဲ့တွေကြား နေရာ အနှံ့မှာ နေ့စဉ် တိုက်ပွဲတွေဖြစ်ပွါးနေတာတွေ ရှိနေတဲ့ အတွက် နေရပ်စွန့်ခွါသူတွေလည်း ဆက်လက်ရှိနေပြီးတော့ အဲဒီလို တိုက်ပွဲရှောင် နေရပ်စွန့်ခွါသူတွေကို လူသားချင်းစာနာမှုဆိုင်ရာအကူအညီတွေ ပေးအပ်နိုင်ရေးအတွက် ကန့်သတ်ချက်တွေ ရှိနေဆဲဖြစ်တယ်လို့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး UNOCHA ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
ဒီလို နှစ်ဖက် ပဋိပက္ခတွေကြောင့် နေ့စဉ်နီးပါး အရပ်သား ထိခိုက်သေဆုံးမှုတွေလည်း ဆက်လက်ရှိနေပြီးတော့ အရပ်သား စောင့်ရှောက်ကာကွယ်ရေးဆိုင်ရာ ကိစ္စတွေဟာလည်း ပိုမို ဆိုးရွားနေတာတွေလည်းရှိနေပြီးတော့ ထိခိုက်လွယ်တဲ့ ရပ်ရွာလူထုအတွက် အကြမ်းဖက်မှု နဲ့ အခက်အခဲတွေဟာလည်း တိုးလာနေတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ပြည်နယ် နဲ့ တိုင်းဒေသကြီးများစွာမှာရှိတဲ့ စာသင်ကျောင်းတွေကို ထိခိုက်စေတဲ့ ဖြစ်ရပ်တွေကြောင့် ကျောင်းသားတွေ နဲ့ ဆရာ၊ ဆရာမတွေဟာ ထိခိုက်သေဆုံးရတာ၊ စာသင်ချိန်ပျက်ရတာ တွေအပြင် ကလေးသူငယ်တွေအတွက် အန္တရာယ်ကြုံတွေ့နိုင်ခြေ ပိုများလာတဲ့ အတွက် ပညာရေး အဆောက် အဦးတွေကို တိုက်ခိုက်မှုကနေ ကာကွယ်စောင့်ရှောက်ပေးဖို့လည်း အရေးတ ကြီး လိုအပ်နေတယ်လို့ UNOCHA ကဆိုထားပါတယ်။
နိုင်ငံတစ်ဝန်းမှာ လူဦးရေ ၃ ဒသမ ၆ သန်း နီးပါးလောက်ဟာ နေရပ်စွန့်ခွာနေ ထိုင်နေကြရတာ ရှိတယ်လို့ UNOCHA အနေ နဲ့ ခန်းမှန်းထားရပြီးတော့ ဒီစက် တင်ဘာလအတွင်းမှာ ဆက်လက်ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကြောင့် အိုး အိမ်စွန့်ခွာထွက်ပြေးရမှုဟာ ပိုမိုများပြားလာသလို အရင်တုန်းကပင်ဆိုးရွားမှု ရှိနေတဲ့ လူသားချင်းစာနာမှုဆိုင်ရာ အခြေအနေတွေဟာလည်း ပိုမို ခက်ခဲစေတယ်လို့ ဆိုပါတယ်။
UNOCHA အနေ နဲ့ ၂၀၂၅ ခုနှစ် ပထမ နှစ်ဝက်အတွင်းမှာ လူဦးရေ အနည်း ဆုံး ၃ ဒသမ ၅ သန်းကို လူသားချင်းစာနာမှုဆိုင်ရာအရေးပေါ်အကူအညီကိုလည်းပေးနိုင်ခဲ့တယ်လို့ဆိုထားပါတယ်။လက်ရှိမှာတော့ လူးဦးရေများပြားလာတာ နဲ့ အတူ ရန်ပုံငွေ မလုံလောက်မှုတွေကြောင့် လူသန်းပေါင်းများစွာရဲ့ လူမှုဘ၀ရှင်သန်ရေး အကူအညီတွေကိုလည်း ရေရှည်ပေးအပ်နိုင်မှု မရှိတော့ဘူးလို့ UNOCHA က ဆိုထားပါတယ်။
တဖက်မှာလည်း လူသားချင်းစာနာမှုဆိုင်ရာအကူအညီတွေ သွားရောက်ပေးအပ်နိုင်ဖို့ အတွက်ကိုလည်း ကန့်သတ်ချက်တွေ ရှိနေဆဲဖြစ်ပြီးတော့ အထူးသဖြင့် မြန်မာနိုင်ငံ အနောက်မြောက်ပိုင်း နဲ့ အရှေ့တောင်ပိုင်းတွေကို အကူအညီ တွေ ဖြန့်ဖြူးခြင်းအတွက် ကန့်သတ်မှုတွေရှိနေပြီးတော့ အဓိကအရေးပါတဲ့ ဝန်ဆောင်မှုတွေ လိုအပ်နေတဲ့ လူထုအတွက်လည်း ဘေးကင်းလုံခြုံစွာသွားလာနိုင်ခွင့် ဆုံးရှုံးနေရတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံဟာ လူသားချင်းစာနာမှုဆိုင်ရာ ရန်ပုံငွေလိုအပ်ချက် ပြည့်မီမှု အနည်းဆုံး ကမ္ဘာ့နိုင်ငံတွေထဲက တစ်နိုင်ငံ ဖြစ်ပြီးတော့ ၂၀၂၅ ခုနှစ် လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်တွေ နဲ့ တုံ့ပြန်ရေးအစီအစဉ် (HNRP) အတွက် ဒီနေ့အချိန်ထိ ရန်ပုံငွေ ၁၂ ရာခိုင်နှုန်းသာ ရရှိထားသေးတယ်လို့လည်းဆိုထားပါတယ်။