လူအများသိထားတဲ့ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားခုံရုံး – ICC ဟာ ဘက်လိုက်ပြီးကိုလိုနီလက်သစ် ဖိနှိပ်မှုနည်းလမ်းကို အသုံးပြုနေတဲ့အတွက် အာဖရိကနိုင်ငံ ၃ နိုင်ငံ အနေ နဲ့ နုတ်ထွက်လို့ သတင်းထုတ်ပြန်လာကြောင်းကို မနေ့က BBC News Africa သတင်းကနေ ရေးသားဖော်ပြခဲ့ပါတယ်။
ဒီလို ICC ကနေပြီးတော့ နှုတ်ထွက်လိုက်တဲ့ အာဖရိကနိုင်ငံတွေကတော့ မာလီ၊ နိုင်ဂျာ နဲ့ ဘာကီနာဖာဆိုတို့ဖြစ်ကြပြီးတော့ ဒီလိုနူတ်ထွက်ကြောင်းပူးတွဲကြေညာချက်ကို စက်တင်ဘာ ၂၂ ရက်နေ့မှာ ထုတ်ပြန်ကြေညာခဲ့တာဖြစ်တယ်လို့ ဆိုထားပါတယ်။
အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားခုံရုံး (ICC) လို့ လူသိများတဲ့ ICC ကို ၂၀၀၂ ခုနှစ် နယ်သာလန်နိုင်ငံ၊ သဟိတ်မြို့မှာ စတင်တည်ထောင်ခဲ့ပြီးတော့ လူမျိုးတုံးသတ်ဖြတ်တာ၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ၊ စစ်ရာဇဝတ်မှုတွေ အတွက် ဥပဒေအရ စုံစမ်းစစ်ဆေးဖို့ဆိုတဲ့ ရည်ရွယ်ချက်တွေ နဲ့ ဖွဲ့စည်းခဲ့တာလည်းဖြစ်ပါတယ်။
ဒါပေမယ့် ICC ဟာ သက်သေအထောက်အထားရှိတဲ့ စစ်ရာဇဝတ်မှုတွေ၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ရာဇဝတ်မှုတွေ၊ လူမျိုးတုံးသတ်ဖြတ်မှုတွေ နဲ့ နယ်နိမိတ်ကျူးကျော်ရန်စမှုတွေကိုလည်း ကိုင်တွယ်ဖြေရှင်းနိုင်တာမရှိဘူးလို့ ICC က နူတ်ထွက်သွားတဲ့ အာဖရိကနိုင်ငံ ၃ နိုင်ငံ ပူးတွဲထုတ်ပြန်ချက်ကဆိုထားပါတယ်။
ဒါ့အပြင် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားခုံရုံး – ICC ဟာ အင်အားကြီး နိုင်ငံတွေ နဲ့ ချမ်းသာတဲ့နိုင်ငံတွေကို ဘက်လိုက်မှုရှိပြီးတော့ နိုင်ငံငယ်တွေကိုပစ်မှတ်ထားကာ လိုရာဆွဲ တရားစီရင်ရေးစနစ် တစ်ခုသာဖြစ်တယ်လို့လည်း ထောက်ပြထားပါတယ်။
အဲဒါကြောင့် ICC ရဲ့ တရားစီရင်ပိုင်ခွင့်ဟာ “ကိုလိုနီလက်သစ်ဝါဒ ရဲ့ ဖိနှိပ်မှုနည်းလမ်း” တစ်ခုသာ ဖြစ်တယ်ဆိုတာကိုလည်း အခိုင်အမာ ပြောကြားတယ်လို့ ဆိုထားပါတယ်။
ဒါကြောင့် သူတို့ ၃နိုင်ငံ အနေ နဲ့ လူမျိုးစုတွေအကြားမှာ ငြိမ်းချမ်းပြီး တရားမျှတတဲ့ စည်းလုံးညီညွတ်မှု ကို ထူထောင်လိုကြောင်း နဲ့ ကုလသမဂ္ဂနောက်ခံပြု ICC တရားရုံးရဲ့ အခွင့်အာဏာကို အသိအမှတ်မပြုတော့ကြောင်းကိုလည်း ထည့်သွင်းပြောဆိုထားပါတယ်။
ဒီ မာလီ၊ နိုင်ဂျာ နဲ့ ဘာကီနာဖာနိုင်ငံတွေဟာ အာဖရိကဒေသအဖွဲ့အစည်းကြီးတစ်ခုဖြစ်တဲ့ ECOWAS ကလည်း နုတ်ထွက်ထားတဲ့ နိုင်ငံတွေဖြစ်ပြီးတော့ “ဆာဟဲနိုင်ငံများ မဟာမိတ်အဖွဲ့” တစ်ခု ဖွဲ့စည်းပြီးတော့ မဟာမိတ်နိုင်ငံတွေ အဖြစ်နဲ့ ပူးပေါင်းရပ်တည်နေတဲ့ နိုင်ငံတစ်ခုလည်း ဖြစ်ပါတယ်။
ICC အနေ နဲ့ကတော့ မြန်မာနိုင်ငံ ၊ ရခိုင်ပြည်အတွင်းမှာ ၂၀၁၆ ခုနှစ် နဲ့ ၂၀၁၇ ခုနှစ်တွေက ဖြစ်ပွားခဲ့တဲ့ မွတ်ဆလင်တွေအပေါ်မှာ အကြမ်းဖက်သတ်ဖြတ်မှုကိစ္စ နဲ့ ပတ်သက်ပြီးတော့ မြန်မာစစ်ခေါင်းဆောင်မင်းအောင်လှိုင် နဲ့ အဖွဲ့ ကို ဖမ်းဝရမ်းထုတ်ထားခဲ့တဲ့ အဖွဲ့ တစ်ခု ဖြစ်ပြီးတော့ လက်ရှိအချိန်ထိ တော့ မြန်မာစစ်ခေါင်းဆောင်မင်းအောင်လှိုင် နဲ့ အဖွဲ့ ကို ဖမ်းဆီးအရေးယူနိုင်တာကိုတော့မလုပ်ဆောင်နိုင်သေးတဲ့ အဖွဲ့အစည်းတစ်ခုလည်းဖြစ်ပါတယ်။