ရေကြောင်းကနေတဆင့် ရခိုင်ကို ကုန်ပစ္စည်လာရောက်ပို့ဆောင်တဲ့ ဘုတ်တစ်စီးကို ဘင်္ဂလားဒေ့ရှ်ရေတပ်က လက်နက်ကြီး နဲ့ လိုက်လံပစ်ခတ်ခဲ့တယ်လို့ အာရက္ခတပ်တော်ရဲ့ လက်အောက်ခံမီဒီယာတစ်ခု ဖြစ်တဲ့ APM သတင်းဌာနက ရေးသားဖော်ပြထားခဲ့ပါတယ်။
ဒီဖြစ်စဉ်ဟာပြီးခဲ့တဲ့ စက်တင်ဘာလ ၂၅ ရက်နေ့ ညနေ ၇ နာရီလောက်မှာ ဖြစ်ပွါးခဲ့တာဖြစ်ပြီးတော့ အဲဒီကုန်ပစ္စည်းတွေတင်လာတဲ့ ဘုတ်ကို အုန်းကျွန်းအနီးအရောက်မှာ ဘင်္ဂလားဒေ့ရှ်ရေတပ်က လက်နက်ကြီး နဲ့ လိုက်လံပစ်ခတ်ခဲ့တာဖြစ်တယ်လို့ မျက်မြင်သက်သေတွေရဲ့ ပြောဆိုချက်ကို ကိုးကားပြီးတော့ APM သတင်းဌာနက ဖော်ပြထားတာပါ။
ဒီဖြစ်စဉ် ဟုတ်မဟုတ်ဆိုတာကို အတည်ပြုသိနိုင်ဖို့ အတွက် အာရက္ခတပ်တော် ပြောခွင့်ရ ဦးခိုင်သုခ ကို CNA သတင်းဌာနက ဆက်သွယ်မေးမြန်းထားဆဲ ဖြစ်ပါတယ်။
ရခိုင်ကပြည်သူအများစုဟာ စစ်ကော်မရှင်တပ်တွေ နဲ့ အာရက္ခတပ်တော်တို့ တကျော့ပြန်တိုက်ပွဲဖြစ်ပွါးပြီးတဲ့ နောက်ပိုင်းမှာ စစ်ကော်မရှင်က ပြည်မ နဲ့ ဆက်သွယ်သွားလာနေတဲ့ ကုန်းလမ်း၊ရေလမ်း နဲ့ ကုန်စည်တင်သွင်းခွင့်တွေကိုပါ ကန့်သတ်တားမြစ်လိုက်တဲ့ အတွက် ရခိုင်ဒေသက ပြည်သူတွေဟာ စားသောက်ကုန် နဲ့ လူသုံးကုန်ပစ္စည်းတွေကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊အိန္ဒိယနိုင်ငံတွေကို အမှီပြုအားထားနေကြရတာလည်းဖြစ်ပါတယ်၊။
ဒီနောက်ပိုင်းမှာတော့ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံအစိုးရဟာ ရခိုင်ကို ပို့ဆောင်နေတဲ့ စားသောက်ကုန်ပစ္စည်း နဲ့ လူသုံးကုန်ပစ္စည်းတွေ သယ်ယူပို့ဆောင်မှုတွေကို ပြင်းပြင်းထန်ထန်တားမြစ်တာ၊လိုက်လံဖမ်းဆီးတာတွေကိုလည်း ဆက်တိုက်လုပ်ဆောင်လာနေတာတွေ့နေရပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၂၁ ရက်နေ့ကလည်း ရခိုင်ကို တင်ပို့မယ့် ဓာတ်မြေဩဇာ နဲ့ ဘိလပ်မြေတွေ တင်ဆောင်လာတဲ့ ဘုတ်တစ်စီး နဲ့ မွတ်ဆလင်ကုန်သည် ၃ ဦးကို ရခိုင် – ဘင်္ဂလားဒေ့ချ်နယ်စပ် နတ်မြစ်ဝမှာ ဘင်္ဂလားဒေ့ချ်နယ်ခြားစောင့်တပ် (BGB) က ဖမ်းဆီးတာကိုလုပ်ဆောင်ခဲ့ပါတယ်။
ထို့အတူပဲ ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၄ ရက်နေ့မှာလည်း ရခိုင်ကိုတင်သွင်းမယ့် စားသောက်ကုန်တွေတင်ဆောင်လာတဲ့ ဘုတ်တစ်စီး နဲ့ အတူ မွတ်ဆလင်ကုန်သည် ၁၁ ဦးကိုလည်း ဘင်္ဂလားဒေ့ချ် ရေတပ်က ဖမ်းဆီးခဲ့တာလည်း ရှိခဲ့ပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ အစိုးရအနေ နဲ့ အခုလို ရခိုင်ကိုတင်သွင်းတဲ့နေတဲ့ ကုန် ပစ္စည်းတွေကို ဆက်တိုက်ဖမ်းဆီးမှု ရှိလာနေတာဘာကြောင့်ပါလဲ ဒီလိုဖမ်းဆီးမှုတွေ လုပ်ဆောင်လာနေက စစ်ကော်မရှင်ရဲ့ ဖိအားတွေ ဘယ်လောက်ထိ ပါနေပါသလဲ ဒီအခြေအနေတွေ နဲ့ ပတ်သက်ပြီး ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) အထွေထွေအတွင်းရေးမှူး ဦးမျိုးကျော် သုံးသပ်ပြောဆိုတာက
“လက်ရှိတစ်ဖက်နိုင်ငံ အနေ နဲ့ ဖမ်းတာဆီးတာလုပ်တာကလည်း သူတို့နိုင်ငံ ရဲ့ ဥပဒေ နဲ့ အညီလုပ်တာဖြစ်တယ်ဆိုတာကိုတော့ နားလည်ရမယ်။လူသားချင်းစာနာထောက်ထားမှု အတွက်ကတော့ နောက်ထပ် အစီအမံ တစ်ခုကလည်း ရှိဖို့လိုတယ် နှစ်ဖက်စလုံးမှာ ဘယ်လိုပုံစံ နဲ့ ဆက်ဆံမလဲ နားလည်မှု ဘယ်လိုတည်ဆောက်မလဲဆိုတာကပါတယ် နစ်နာတာကတော့ နှစ်ဖက်စလုံးမှာရှိတယ် ဒါပေမယ့် ရခိုင်ပြည်သူတွေ အနေ နဲ့ကတော့ မိအေး အခါခါနာဆိုသလိုတော့ ဖြစ်နေတာပေါ့ ပြည်မကလည်း စကစကပိတ်ထားတယ် နောက်လိုအပ်တဲ့ လောင်စာဆီ၊ဆေးဝါးတွေကို အိမ်နီးချင်းနိုင်ငံတွေကလည်းပိတ်တော့ လူတွေအကုန်လုံးက ပိတ်တော့ ပြည်သူတွေ အတိဒုက္ခဖြစ်တယ် လူတွေရဲ့ အသက်ရှင်သန်ခွင့်က ပိုပြီးတော့ခက်ခဲလာကြမယ်”လို့ သူကပြောဆိုပါတယ်။
တဖက်မှာလည်းမြန်မာ – ဘင်္ဂလားဒေ့ရှ် ဟာ လက်ရှိ အရှိတရားအရ ဂျီတူဂျီဆိုတဲ့ ဆက်ဆံရေးဟာလည်း ရှိနေသေးတဲ့ အတွက် ဒီလိုရခိုင်ပြည်တွင်းကုန်ပစ္စည်းတင်သွင်းခွင့်မရှိအောင် လုပ်ဆောင်တဲ့ အထဲမှာ စစ်ကော်မရှင်ရဲ့ ဖိအားတွေလည်း ပါဝင်တာဖြစ်တယ်လို့ သူက သုံးသပ်ပြောဆိုပါသေးတယ်။
အဲဒါကြောင့် နယ်စပ်အပါအဝင် ရခိုင်ကမြို့နယ် အများစုကို သိမ်းပိုက်ထားတဲ့ အာရက္ခတပ်တော် အနေ နဲ့ ဒီကိစ္စတွေကို ဖြေရှင်းနိုင်ဖို့ အတွက် ဘင်္ဂလားဒေ့ရှ် အစိုးရ နဲ့ ကောင်းမွန်တဲ့ ဆွေးနွေးမှု တရပ်ကို လုပ်ဆောင်ဖို့ လိုအပ်တယ်လို့လည်း ရခိုင် နိုင်ငံရေးသမားတွေက အကြံပြုပြောဆိုကြပါတယ်။




