အကြမ်းဖက်လက်နက်ကိုင် မွတ်ဆလင်လက်နက်ကိုင် အဖွဲ့တွေ ဖြစ်တဲ့ ARSA ၊ RSO အဖွဲ့တွေကို ဘင်္ဂလားဒေ့ရှ် နယ် ခြားစောင့် BGB အရာရှိတချို့ဟာ စခန်းအခြေ စိုက်ဖို့ ခွင့်ပြုပေးတာ၊ထောက်ပံ့ပေးတာ နဲ့ အားပေးအားမြှောက်လုပ်ဆောင်ပေးနေတာရှိနေတယ်လို့ အာရက္ခတပ်တော် (အေအေ) ရဲ့ စွပ်စွဲပြောဆိုချက်ဟာ မှားယွင်းတဲ့ စွပ်စွဲချက်တစ်ခုသာဖြစ်တယ်လို့ ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ် BGB က တုန့်ပြန်ပြောဆိုလိုက်ပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၇ ရက်နေ့မှာ အာရက္ခတပ်တော်က အကြမ်းဖက် မွတ်ဆလင်လက်နက်ကိုင် အဖွဲ့တွေ ဖြစ်တဲ့ ARSA နဲ့ RSO အဖွဲ့တွေကို ဘင်္ဂလားဒေ့ရှ် နယ် ခြားစောင့် BGB အရာရှိတချို့ဟာ စခန်းအခြေ စိုက်ဖို့ ခွင့်ပြုပေးတာ၊ထောက်ပံ့ပေးတာ နဲ့ အားပေးအားမြှောက်လုပ်ဆောင်ပေးနေတာတွေ ရှိတဲ့ အတွက် ဘင်္ဂလားဒေ့ရှ်အစိုးရ အနေ နဲ့ ဒီကိစ္စကို ဒီအတိုင်းမလွတ်ထားဘဲ အရေးယူဆောင်ရွက်မှုတွေလုပ်ဆောင်ဖို့လိုအပ်တယ်လို့ အာရက္ခတပ်တော်က ထုတ်ပြန်သတိပေးခဲ့တာလည်းဖြစ်ပါတယ်။
ဘင်္ဂလားဒေ့ရှ် နယ် ခြားစောင့် BGB အနေ နဲ့ ARSA နဲ့ RSO အဖွဲ့တွေနဲ့ ချိတ်ဆက်ဆောင်ရွက်မှု ရှိတယ်ဆိုတဲ့ အာရက္ခတပ်တော်ရဲ့ စွပ်စွဲချက်ဟာ မှားယွင်းတဲ့ စွပ်စွဲချက်တစ်ခုသာဖြစ်ပြီးတော့ လက်ရှိမှာလည်း ဘင်္ဂလားဒေ့ရှ် နယ် ခြားစောင့် BGB အနေ နဲ့ အကြမ်းဖက် မွတ်ဆလင်လက်နက်ကိုင် ARSA အဖွဲ့ရဲ့ ထိပ်သီးခေါင်းဆောင် တစ်ဦးဖြစ်တဲ့ အာတာအူလာ အပါအဝင် တချို့ကိုလည်း ဖမ်းဆီး အရေးယူမှု လုပ်ဆောင်နေတာဟာ သက်သေတွေဖြစ်တယ်လို့ BGB က တုန့်ပြန်ပြောဆို ထားပါတယ်။
ဒါ့အပြင် ဘင်္ဂလားဒေ့ရှ် နယ် ခြားစောင့် BGB အနေ နဲ့ နယ်စပ်ဒေသတစ်လျှောက်မှာ နိုင်ငံနယ်နိမိတ် လုံခြုံစေဖို့ နဲ့ တရားဥပဒေစိုးမိုးရေးကိုသာ အလေးထားဆောင်ရွက်နေမှုတွေသာ ရှိပြီးတော့ နယ်စပ်တလျှောက်မှာလည်း အချိန်ပြည့် ကင်းလှည့်ဆောင်ရွက်ကာ အကြမ်းဖက်မှုတွေကို တားဆီးနေတယ်လို့ ဆိုထားပါသေးတယ်။
တဖက်မှာလည်း ရခိုင်ပြည်ထဲကို စိမ့်ဝင်နေတဲ့ ဒီအကြမ်းဖက် မွတ်ဆလင်လက်နက်ကိုင်အဖွဲ့တွေ ဖြစ်တဲ့ ARSA နဲ့ RSO အဖွဲ့တွေဟာ ဘင်္ဂလားဒေ့ရှ်ဘက်အခြမ်းမှာ အခြေကုတ်ပြီးတော့ ရခိုင်ထဲကို စိမ့်ဝင်နေ တာမဟုတ်ဘဲ ရခိုင်ပြည်ထဲမှာသာ အခြေကုတ်ပြီးတော့ စိမ့်ဝင်နေတာဖြစ်တယ်လို့လည်း ဘင်္ဂလားဒေ့ရှ် နယ် ခြားစောင့် BGB က ဆိုထားပါတယ်။ဒါ့အပြင် ဒီနယ်စပ်ဒေသတွေမှာ အာရက္ခတပ်တော် (အေအေ) ရဲ့ မြေမြုပ်မိုင်းတွေကြောင့် ဝင်ရောက်နိုင်မှာ မဟုတ်ဘူးလို့လည်း ဆိုထားပါတယ်။
ဒါ့အပြင် ဘင်္ဂလားဒေ့ရှ် နယ် ခြားစောင့် BGB က အာရက္ခတပ်တော် ( အေအေ) ဟာ ဘူးသီးတောင်၊ မောင်တောဒေသတွေမှာ မွတ်ဆလင်တွေကို ညှဉ်းပန်းနှိပ်တာတွေ အပြင် မြို၊ဒိုင်းနက်လို လူမျိုးစုတွေ အပေါ်မှာလည်း ညှင်းပမ်းနှိပ်စက်တာတွေကို ကျူးလွန်နေတယ်လို့ ပြန်လည် စွပ်စွဲပြောဆိုထားပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း အာရက္ခတပ်တော် အနေ နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ မူးယစ်ဆေးဝါးတွေ တင်သွင်းတဲ့ နေရာမှာ ပါဝင်ပတ်သက်မှု ရှိနေတယ်လို့လည်း စွပ်စွဲပြောဆိုတာ ရှိခဲ့ပါတယ်။ အာရက္ခတပ်တော် ပြောခွင့်ရ ဦးခိုင်သုခကတော့ ဒီမူးယစ်ဆေးဝါး ကိစ္စ နဲ့ ပတ်သက်ပြီးပြောဆိုချက်ဟာ စွပ်စွဲပြောဆိုတာသာဖြစ်တယ်လို့ ပြောဆိုထားပါတယ်။
2tcyam