မကွေးတိုင်း ၊ ငဖဲမြို့နယ် အတွင်းမှာ ရှိတဲ့ ဂုတ်ကြီးကျေးရွာ အခြေစိုက် စစ်ကော်မရှင်တပ်ရဲ့ ကာကင်းစခန်းတစ်ခုကို အာရက္ခတပ်တော် နဲ့ပူးပေါင်းတပ်တွေ က မနေ့က စက်တင်ဘာလ ၂၈ ရက်နေ့မှာသိမ်းပိုက်လိုက်တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။
ဒီဂုတ်ကြီးကျေးရွာအခြေစိုက် ကာကင်းစခန်းဟာ နတ်ရေကန်ဗျူဟာ စခန်းအတွက် အရေးပါတဲ့ ကာကင်းစခန်းတစ်ခုလည်း ဖြစ်တယ်လို့ ဆိုပါတယ်။
ဒီစခန်းကို အာရက္ခတပ်တော် နဲ့ ပူးပေါင်းတပ်တွေက ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၆ ရက်နေ့မှာ စတင်ပြီးတော့ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပြီးတော့ စက် တင်ဘာလ ၂၈ ရက်နေ့မှာ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တာဖြစ်တယ်လို့ အဲဒီစစ်ရေးသတင်းရင်းမြစ်ကပြောပါတယ်။
“ဒီဟာက စကမ နတ်ရေကန်ဗျူဟာအတွက်ဆိုပြီးတော့ လုံးဝအခိုင်အမာ လုပ်ထားတဲ့ စခန်းပါ။အရင်တုန်းကလည်း ဒီစခန်းကို အာရက္ခတပ်တော် နဲ့ ပူးပေါင်းတပ်တွေက မကြာမကြာတော့ ထိုးစစ်ဆင်တာတွေတော့လုပ်ပါတယ် ဒီရက်ပိုင်းမှာတော့ဘအပြတ်သိမ်းတာကိုလာပ်နိုင်ခဲ့တာပါ”လို့ သူကပြောပါတယ်။
လက်ရှိမှာလည်း အဲဒီကာကင်းစခန်းကို လက်လွတ်လိုက်ရတဲ့ စစ်ကော်မရှင်တပ်တွေဟာ စခန်းကို ပြန်လည်ရယူနိုင်ဖို့အတွက် လေကြောင်းပစ်ကူ အ မြောက်အများ နဲ့ ပြန်လည်ထိုးစစ်ဆင်နေတာတွေရှိတဲ့ အတွက် နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်နေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။
အာရက္ခတပ်တော်ဟာ အမ်းမြို့နယ် အတွင်းက စစ်ကော်မရှင် ရဲ့ အနောက်ပိုင်းတိုင် စစ်ဌာနချုပ် နပခ ကိုအပြီးသတ်သိမ်းပိုက်ပြီးနောက်မှာ ရခိုင် နဲ့ မကွေးကို ချိတ်ဆက်ထားတဲ့ အမ်း-ပဒါန်းကားလမ်းမ တလျှောက်မှာ ရှိတဲ့ စစ်ကော်မရှင်တပ်တွေရဲ့ စခန်းတွေကို ထိုးစစ်ဆင်တိုက်ခိုက်လာခဲ့တာလည်း ဖြစ်ပါတယ်။
လက်ရှိမှာတော့ အာရက္ခတပ်တော် နဲ့ ပူးပေါင်းတပ်တွေဟာ ဒီ အမ်း – ပဒါန်းကားလမ်းမတလျှောက်မှာ ရှိတဲ့ စစ်ကော်မရှင်ရဲ့ တပ်စခန်း ၁၀ ခုထက်မ နည်းကို သိမ်းပိုက်ရရှိထားနိုင်ပြီလည်း ဖြစ်ပါတယ်။