အကြမ်းဖက် ARSA အဖွဲ့က သတ်ဖြတ်ပြီးတော့ စွန့်ပစ်ထားတဲ့ ရခိုင်ဒေသခံပြည်သူ ရဲ့ အလောင်းတချို့ကို တွေ့ရှိခဲ့တယ်လို့ အာရက္ခတပ်တော်က ဒီနေ့အောက်တိုဘာ ၁ ရက်နေ့မှာ သတင်းထုတ်ပြန်လာပါတယ်။
ဒီလိုအကြမ်းဖက် ARSA အဖွဲ့က သတ်ဖြတ်ပြီးတော့ စွန့်ပစ်ထားတဲ့ဒေသခံပြည်သူတွေ ရဲ့ အလောင်းကို မောင်တောမြို့နယ်၊ အထက်အင်းချောင်းရွာရဲ့ အနောက်မြောက်ဘက် မီတာ (၇၇၀) ခန့်အကွာမှာ ရှိတဲ့ ငှက်ပျောတောအုပ်ထဲကနေရာတွေမှာ စက်တင်ဘာ ၂၈ ရက်နေ့က လုံခြုံရေးဆောင်ရွက်နေတဲ့ အချိန်မှာ တွေ့ရှိခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒီအလောင်းတွေကို တွေ့ရှိတဲ့အခါမှာလည်း အလောင်း ၂ လောင်းစီကို တနေရာမှာ တွေ့ရှိခဲ့ရတာဖြစ်ပြီးတော့ စုစုပေါင်းအလောင်း ၆ လောင်းအထိကို အာရက္ခတပ်တော် ရဲ့ လုံခြုံရေးအဖွဲ့တွေက တွေ့ရှိခဲ့တာဖြစ်တယ်လို့ဆိုထားပါတယ်။
အလောင်းတွေကတော့ အရည်ပျော်ကျသွားပြီး အရိုးစုတွေသာ ကျန်ရှိတော့တဲ့ အတွက် မည်သူမည်ဝါဆိုတာကို အတိအကျ မသိရှိနိုင်တော့ပေမယ့် ဒီအလောင်းတွေဟာ မောင်တောနယ်စပ် တမန်းသားရွာ နဲ့ ဒုံးညိုရွာတွေက ပျောက်ဆုံးနေတဲ့ ရွာသားတွေဖြစ်နိုင်တယ်လို့လည်း အာရက္ခတပ်တော်က ခန်းမှန်းပြောဆိုထားပါတယ်။
ဒီအကြမ်းဖက် ARSA အဖွဲ့တွေဟာ စက်တင်ဘာလ အတွင်းက မောင်တောမြို့မြောက်ပိုင်း နယ်စပ်မှတ်တိုင် (၅၆) နဲ့ (၅၇) အကြား ပွိင့် (၆၀၁) ကုန်းမှာရှိတဲ့ အာရက္ခတပ်တော် ရဲ့ နယ်စပ်လုံခြုံရေးတပ်စခန်း နဲ့ ဒုံးညိုရွာအနီးက ဒုံးညိုစခန်းကိုသိမ်းပိုက်နိုင်ဖို့ အတွက် အကြမ်းဖက် ARSA အဖွဲ့ရဲ့ အခြေစိုက်ရာဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ ရခိုင်ပြည်ထဲကို နည်းလမ်းမျိုးစုံ နဲ့ ထိုးဖောက်ဝင်ရောက်တာတွေကို လုပ်ဆောင်ခဲ့ကြပါတယ်။
အဲဒီနောက်မှာတော့ အကြမ်းဖက် ARSA အဖွဲ့တွေဟာ သူတို့သိမ်းပိုက်ဖို့ ကြိုးစားနေတဲ့ အာရက္ခတပ်တော် ရဲ့ နယ်စပ်လုံခြုံရေးတပ်စခန်း နှစ်ခုသို့ သွားရာလမ်းမှာ တွေ့တဲ့ မွတ်ဆလင်မဟုတ်တဲ့ အရပ်သားပြည်သူတွေကို နှုတ်ပိတ်တဲ့ အနေ နဲ့ ဖမ်းဆီး နှိပ်စက် သတ်ဖြတ်ပြီးတော့ အလောင်းတွေကို လူပြတ်သောနေရာ ဒါမှမဟုတ် လူအရောက်နည်းတဲ့ နေရာတွေမှာ စွန့်ပစ်တာတွေကို လုပ်ဆောင်ခဲ့ကြတာ ရှိတယ်လို့လည်း အာရက္ခတပ်တော်က ဆိုထားပါတယ်။
လက်ရှိမှာလည်း အစ္စလာမ်မစ် အစွန်းရောက် စစ်သွေးကြွ အကြမ်းဖက် ARSA၊ RSO လက်နက် ကိုင်အဖွဲ့ဝင်တွေဟာ အာရက္ခ – ဘင်္ဂလားဒေ့ရှ် နယ်စပ်ဒေသတွေမှာ အပြစ်မဲ့ ရခိုင်ပြည်သူတွေရဲ့ အသက်အိုးအိမ်၊ စည်းစိမ်တွေကို ခြိမ်း ခြောက်တာတွေ ရှိနေတဲ့ အတွက် တောတောင်တွေထဲကို တစ်ဦးတစ်ယောက်တည်း မသွားဖို့ကို အာရက္ခတပ်တော်က တိုက်တွန်းထားပါတယ်။
ကျန်းမာရေးကိစ္စအပါအဝင် မဖြစ်မနေသွားလာရမဲ့ အရေးကြီးကိစ္စရှိရင်လည်း နီးစပ်ရာ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရဲ့ အုပ်ချုပ်ရေး နဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို သတင်းပေးပို့ပြီးမှ သွားလာဖို့ကို အာရက္ခတပ်တော်က လုံခြုံရေးအရ သတိပေးပြောဆိုထားပါတယ်။