မကွေးတိုင်း၊ ငဖဲမြို့နယ်၊ နတ်ရေကန်အနီးဝန်းကျင်တိုက်ပွဲ အတွင်းက ထွက်ပြေးလာတဲ့ စစ်ကော်မရှင်တပ်သား ၂၇ ဦးကို PRA – Magway က အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ မနေ့က သတင်းထုတ်ပြန်ပြောဆိုလာပါတယ်။
ထွက်ပြေးလာပြီးတော့ PRA – Magway ကဖမ်းဆီးရမိထားတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေကတော့ တပ်မ ၉၉ နဲ့ စကခ ၁၇ လက်အောက်ခံတပ်ရင်းတွေထဲက စစ်ကော်မရှင်ရဲ့ ပေါ်တာဆွဲတာကို ခံခဲ့ရပြီးတော့ သင်တန်းအပတ်စဉ် ၇ ကနေ ၁၃ အထိ သင်တန်းဆင်းတပ်ဖွဲ့ဝင်တွေ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒီဖမ်းဆီးရမိထားတဲ့ စစ်သုံ့ပန်းတွေကိုလည်း PRA – Magway အနေ နဲ့ နိုင်ငံတကာ စစ်သုံ့ပန်းဉပဒေ စည်းမျဉ်းစည်းကမ်းတွေ နဲ့ အညီ ကောင်းမွန်စွာ ထိန်းသိမ်းထားတယ်လို့ ဆိုထားပါတယ်။
PRA – Magway အနေ နဲ့ နိုင်ငံတဝန်းလုံးစစ်ရေးအရှိန်မြင့်တက်လာတာ နဲ့ အတူဟန်ချက်ညီညီ နဲ့ စစ်ရေးဖော်ဆောင်တာတွေကို လုပ်ဆောင်နေသလို ပုသိမ် – မုံရွာလမ်း နဲ့ အမ်း -ပဒါန်းလမ်းတလျှောက်က ကြားဒေသတွေကိုပါ မဟာမိတ်တပ်တွေ နဲ့ ပူးပေါင်းပြီးတော့ စစ်ရေးဖော်ဆောင်မှုတွေကို လုပ်ဆောင်နေတာရှိပြီးတော့ တိုက်ပွဲ အတွင်းမှာလည်း စစ်ကော်မရှင်တပ်တွေဟာ အကျအရှုံးများစွာ နဲ့ ရင်ဆိုင်နေကြရတယ်လို့လည်း ပြည်သူတွေကို အသိပေးပြောဆိုထားပါတယ်။
တဖက်မှာလည်းစစ်ကော်မရှင်တပ်တွေဟာ အာဏာသိမ်းပြီးချိန်ကပင် ဒီနေ့အထိ ကျရှုံးမှု များစွာ နဲ့ ပြိုလဲနေခဲ့ရပေမယ့် စစ်မှုထမ်းဥပဒေကို အသက်သွင်းကာ နိုင်ငံတဝန်းမှာ စစ်အင်အားဖြည့်တင်းကာ ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်တာတွေကို လုပ်ဆောင်လာနိုင်တာတွေကိုတွေ့မြင်လာနေရပါတယ်။
အဲဒါကြောင့် တော်လှန်းရေးအဖွဲ့တွေ အနေ နဲ့လည်း တစ်ဖွဲ့ချင်းအားကောင်းမှုထက် တပ်ပေါင်းစုမှုဝါဒကို လက်တွေ့ကျကျ ကျင့်သုံးအကောင်အထည်ဖော်ဆောင်ကာ တညီတညွတ်တည်းတိုက်ပွဲဝင်ကြရမယ့် ကာလဖြစ်တယ်လို့လည်း PRA – Magway အနေ နဲ့ ရှုမြင်ကြောင်း အကြံပြုပြောဆိုထားပါတယ်။