Coastal News Agency
အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ ပလက်ဝ နဲ့ ရခိုင်က မြို့နယ် ၂ခုကို စစ်ကော်မရှင်က စက်တင်ဘာလ တစ်လအတွင်းလေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ခဲ့တဲ့ အတွက် အရပ်သား ၂၃ ဦး သေဆုံးခဲ့ရပြီးတော့ ဒဏ်ရာရသူ ၄၉ ဦးထိရှိခဲ့တယ်လို့ အာရက္ခတပ်တော်က သတင်းထုတ်ပြန်လာပါတယ်။
အဲဒီလို စစ်ကော်မရှင်က လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ခဲ့တဲ့ မြို့တွေကတော့ ကျောက်တော်မြို၊သံတွဲမြို့ နဲ့ ပလက်ဝတို့ဖြစ်ကြပါတယ်။
စစ်ကော်မရှင်တပ်ဟာ စက်တင်ဘာလ ၁၂ ရက်နေ့ မနက် ၁ နာရီဝန်းကျင်မှာ ကျော်တော်မြို့နယ်အတွင်းက သရက်တပင်ကျေးရွာအတွင်းက ကိုယ်ပိုင်အထက်တန်းစာသင်ကျောင်း ၂ကျောင်းကို လေကြောင်းကနေတဆင့် ပေါင် ၅၀၀ ဗုံးနဲ့ ကြဲချတိုက်ခိုက်ခဲ့တဲ့အတွက် ကျောင်းသား /ကျောင်းသူ စုစုပေါင်း ၂၀ ဦးသေဆုံးခဲ့ရပြီးတော့ ဒဏ်ရာရသူဟာလည်း ၂၁ ဦးထိရှိခဲ့ရပါတယ်။
အဲဒီလိုဘဲ စစ်ကော်မရှင်ဟာ စက်တင်ဘာလ ၂၇ က်နေ့၊ ညနေ ၈ နာရီလောက်မှာ သံတွဲမြို့ အတွင်းက အမှတ် ၄ ညောင်ပင်ဈေးရပ်ကွက်ကို လေကြောင်းကနေတဆင့် ပေါင် ၅၀၀ ဗုံး ၂ လုံးနဲ့ ကြဲချတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား တစ်ဦးသေဆုံးခဲ့ရပြီးတော့ ဒဏ်ရာ ရသူ ၅ ဦးရှိခဲ့ရပါတယ်။
စက်တင်ဘာလ ၂၉ ရက်နေ့၊ နေ့လည် ၁၂ နာရီကျော်လောက်မှာလည်း စစ်ကော်မရှင်ဟာ ပလက်ဝမြို့က ဈေးကို လေကြောင်းကနေတဆင့် ထပ်မံတိုက်ခိုက်ခဲ့တဲ့ အတွက် ပြည်သူ ၂ ဦးသေဆုံးခဲ့ရပြီးတော့ နောက်ထပ်ပြည်သူ ၂၃ ဦးဟာလည်း ဒဏ်ရာရရှိသွားခဲ့ရပါတယ်။
ဒီဖြစ်စဉ် သုံးခုစလုံးဟာ တိုက်ပွဲတစုံတစ်ရာ မရှိဘဲ တည်ငြိမ်အေးချမ်းစွာနဲ့ ပြန်လည်ထူးထောင်ရေး လုပ်ငန်းတွေကို လုပ်ဆောင်နေတဲ့မြို့တွေက စာသင်ကျောင်းတွေ၊ဈေးတွေ နဲ့ လူနေရပ်ကွက်တွေကို ပစ်မှတ်ထားတိုက်ခိုက်မှုတွေကို စစ်ကော်မရှင်က လုပ်ဆောင်ခဲ့တာလည်းဖြစ်ပါတယ်။
AAPP ရဲ့အောက်တိုဘာလ ၁ ရက်နေ့ ထုတ်ပြန်ချက်အရ စစ်အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ်ကနေ ၂၀၂၅ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့အထိ ရခိုင်မှာ စစ်ကော်မရှင်တပ်က လက်နက်ကြီး၊လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ စုစုပေါင်း ၅၀၀ နီးပါးထိသေဆုံးခဲ့ရပြီးလည်းဖြစ်ပါတယ်။
ပုံ – စက်တင်ဘာလ ၂၉ ရက်နေ့က စစ်ကော်မရှင်လေကြောင်းတိုက်ခဲ့တဲ့ ပလက်ဝဈေးပျက်စီးနေမှု မြင်ကွင်း။ GEM