မန္တလေးတက္ကသိုလ် နှစ် ၁၀၀ ပြည့်ပွဲကို တက်ရောက်ဖို့ လာတဲ့ စစ်ကော်မရှင်ခေါင်းဆောင် မင်းအောင်လှိုင်ကို တော်လှန်ရေး တပ်တွေက ရှော့တိုက်ဒုံးတွေ နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Brave Warriors For Myanmar – B.W.M ကသတင်းထုတ်ပြန်လာပါတယ်။
ဒီတိုက်ခိုက်မှုကို Brave Warriors for Myanmar (BWM) အဖွဲ့ရဲ့ ဦးဆောင် စီမံမှုနဲ့ No More Dictatorship (NMD-PDF) အဖွဲ့၊ People Servant Force ( P.S.F ) နဲ့ ရတနာပုံတပ်ဦးအဖွဲ့တွေက အောက်တိုဘာလ ၄ ရက်၊ မနက် ၆ နာရီ ၁၅ မိနစ် မှာ စစ်ကော်မရှင်ခေါင်းဆောင် မင်းအောင်လှိုင် ခေတ္တတည်းခိုနေတဲ့ မန္တလေးမြို့ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် (လပခ) အတွင်းကို ၁၀၇ မမ ရှော့တိုက်ဒုံး ၂ လုံး နဲ့ အောင်မြင်စွာ ပစ်ခတ်တိုက်ခိုက်နိုင်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
စစ်ကော်မရှင်ခေါင်းဆောင် မင်းအောင်လှိုင် ဟာ မန္တလေးတက္ကသိုလ် နှစ် ၁၀၀ ပြည့်ပွဲကိုတက်ရောက်ဖို့အတွက် အောက်တိုဘာလ ၃ ရက်နေ့ ညနေပိုင်းမှာ ပြင်ဦးလွင် ကနေ မန္တလေးကိုရောက်ရှိလာခဲ့တာဖြစ်ပြီးတော့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (လပခ) အတွင်းမှာ တည်းခိုနေတယ်ဆိုတဲ့ သတင်းရရှိခဲ့တဲ့ အ တွက် အောက်တိုဘာလ ၄ ရက်၊ မနက် ၆ နာရီ ၁၅ မိနစ် မှာ ဒီတိုက်ခိုက်မှုကိုလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့လည်းဆိုပါတယ်။
ဒါ့အပြင် Brave Warriors for Myanmar (BWM) အဖွဲ့အနေ နဲ့ စစ်ကော်မရှင်ခေါင်းဆောင် မင်းအောင်လှိုင် ရဲ့ ဒီမန်းတက္ကသိုလ်ရာပြည့်ပွဲတက်ရောက်တဲ့ အချိန်မှာ တိုက်ခိုက်မှုကိုလုပ်ဆောင်ခဲ့ရင် ပိုမိုလွယ်ကူမယ်ဆိုတာကို သိခဲ့ပေမယ့် အရပ်သားပြည်သူ ထိခိုက်မှုတွေ ရှိမှာကို စိုးရိမ်တာကြောင့် တိုက်ခိုက်မှုကိုမလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့လည်း ဆိုထားပါတယ်။
ဒီလပခ တိုက်ခိုက်ခဲ့မှု အတွင်းမှာလည်း စစ်ကော်မရှင်တပ်ဖွဲ့ဝင် တချို့ထိခိုက်မှုတွေ ရှိနိုင်တယ်လို့လည်း Brave Warriors for Myanmar (BWM) အဖွဲ့က ခန်းမှန်းပြောဆိုထားပါတယ်။
Brave Warriors for Myanmar (BWM) အဖွဲ့အနေ နဲ့ ဒီတိုက်ခိုက်မှု ကို နာရီပိုင်းအတွင်း လျှပ်တပျက်စီစဉ်ခဲ့ရပေမယ့် စစ်ကော်မရှင်ခေါင်းဆောင် မင်းအောင်လှိုင် ကို အမှန်တကယ်ခြိမ်းခြောက် နိုင်တဲ့ မစ်ရှင်တစ်ခုဖြစ်ခဲ့ရတဲ့ အ တွက်ကူညီအားဖြည့်ပေးကြတဲ့ နယ်မြေခံ မဟာမိတ်တွေကိုလည်း ကျေးဇူး တင်တယ်လို့ Brave Warriors for Myanmar (BWM) အဖွဲ့ကထုတ်ပြန်ပြောဆိုထားပါတယ်။