Home သတင်း စစ်ရေး စစ်တွေမှာ အိမ်ရှင်က အိမ်ငှားကို ငွေတစ်သိန်း နဲ့ ဆန်တစ်အိတ်ထောက်ပံ့ပေးနေ

စစ်တွေမှာ အိမ်ရှင်က အိမ်ငှားကို ငွေတစ်သိန်း နဲ့ ဆန်တစ်အိတ်ထောက်ပံ့ပေးနေ

90
4

Coastal News Agency

စစ်ကော်မရှင်ထိန်းချုပ်မှုအောက်မှာ ရှိနေဆဲဖြစ်တဲ့ စစ်တွေမှာ အိမ်ရှင်က အိမ်ငှားကို ဆန်တစ်အိတ် နဲ့ ငွေကျပ်တစ်သိန်းစီထောက်ပံ့ပေးနေကြရတယ်လို့ ဒေသခံ အိမ်ပိုင်ရှင်တွေက ပြောပါတယ်။

ပုံမှန်ဆိုရင် အိမ်ငှားက အိမ်ရှင်ကို လစာပေးကာနေရတာ ဖြစ်ပြီးတော့ စစ်ရေးတည်ငြိမ်းမှု မရှိတဲ့ စစ်ကော်မရှင်အုပ်ချုပ်မှုအောက်က စစ်တွေမြို့မှာတော့ အိမ်ရှင်ကနေ အိမ်ငှားကို လစာ နဲ့ ရိက္ခပြန်ပေးလာနေရတာလည်းဖြစ်ပါတယ်။

ဒီလို အိမ်ရှင်ကနေ အိမ်ငှားကို လစာ နဲ့ ရိက္ခပေးထားလာရတဲ့အခြေအနေတွေထိဖြစ်လာနေရတာ ဘာကြောင့်ပါလဲ။

ဒီအခြေအနေ နဲ့ ပတ်သက်ပြီး စစ်တွေမြို့ ဒေသခံတစ်ဦး ပြောပြတာက “အိမ်ရှင်က အိမ်ငှားကိုပိတ်ဆံပေးရတယ်ဆိုတာက ဒီလိုပါ အရင်ကမြို့ထဲမှာ နေပြီးတော့ ငွေကြေးတတ်နိုင်တဲ့ သူတွေက စစ်ပွဲကြောင့် နောက်နေရာတွေကို ပြောင်းသွားကြတယ် ဆိုတော့ သူတို့နေအိမ်တွေမှာ နောက်လူတွေကို အိမ်ငှားတင်ထားတာတွေ ရှိကြတယ် အခုက ဒီမှာက ဖောက်ထွင်းခိုးယူတာတွေလည်းများလာတယ် အငတ်ဘေးတွေ နဲ့လည်း ရင်ဆိုင်လာရတော့ အဲဒီအိမ်ငှါးတွေက မနေတော့ဘူး သူတို့ အိမ်လစာလည်း မပေးနိုင်တော့ဘူးဆိုပြီးထွက်သွားတာတွေ ရှိတော့ ကိုယ့်အိမ် မပျက်စီးရေး နဲ့ မပျောက်ဖို့ အရေးကို သူတို့က အရင်အိမ်ငှားတွေကို အခုအိမ်ရှင်တွေကို လစာနဲ့ စားနပ်ရိက္ခာ ထောက်ပံ့ရတဲ့ သဘောဖြစ်တယ်”လို့ သူကပြောပြပါတယ်။

စစ်ကော်မရှင်တပ်တွေဟာ အဲဒီလို ဖောက်ထွင်းခိုးယူမှုတွေကို အရေးယူဆောင်ရွက်မှုကို မလုပ်ဆောင်တဲ့ အပြင် သူတို့ကိုယ်တိုင်က အဲဒီလို နေအိမ်ဖောက်ထွင်းတဲ့သူတွေ နဲ့ ပူးပေါင်းကာ ရလာတဲ့ ပစ္စည်းတွေကို အနိမ့်ဆုံးဈေးတွေ နဲ့ ဝယ်ယူကာ ပြည်မတွေကို တင်ပို့ရောင်းချတာတွေကို လုပ်ဆောင်နေကြတာဖြစ်တယ်လို့ စစ်တွေမြို့ ဒေသခံတွေက ပြောပါတယ်။

တဖက်မှာလည်း စစ်ကော်မရှင်ထိန်းချုပ်ထားဆဲဖြစ်တဲ့ စစ်တွေ မှာ အရင်နှစ်တွေကထက် ဒီနှစ်ပိုင်းမှာ နေအိမ်ဖောက်ထွင်းခိုးယူမှုတွေ ပိုများလာတာတွေ ရှိသလို တဖက်မှာလည်း အိမ်ရှင်တွေကနေပြီးတော့ သူခိုးတွေကို ပြန်ကြောက်နေရတဲ့ အခြေအနေတွေထိ ဖြစ်လာနေတယ်လို့လည်း ဒေသခံတွေကပြောကြပါတယ်။

“သူခိုးတွေကိုက ပိုင်ရှင်တွေက ပြန်ကြောက်နေရတယ် လူမရှိတဲ့ အိမ်တွေကို ဆိုရင် ဝင်သွားတယ် နေ့ခင်းကြီးကိုခိုးနေကြတာ သူတို့လိုချင်တာ ယူသွားတယ် အိမ်တွေကမှာ တံခါးတွေ၊သစ်လုံးတွေကိုလည်းဖြုတ်ယူသွားကြတာဘဲ ပြီးတော့ သူခိုးတွေက အုပ်စုလိုက် ဘယ်သူမှလည်း သွားမပြောရဲဘူး လူရှိတဲ့ အိမ်တွေကိုတောင် အဲဒီလို လိုချင်တာကို ယူသွားတာတွေ အများကြီးရှိတယ်”လို့ နောက်ထပ်စစ်တွေမြို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ရခိုင်မှာ စစ်ကော်မရှင်တပ်တွေ နဲ့ အာရက္ခတပ်တော်တို့ဟာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့ကပင် နှစ်ဖက်တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွါးခဲ့ကြတာ ဖြစ်ပြီးတော့ ဒီတိုက်ပွဲ တစ်နှစ်ခွဲကျော်ကာလအတွင်းမှာ အာရက္ခတပ်တော်ဟာ ရခိုင်က မြို့နယ် ၁၄ ခု နဲ့ ပလက်ဝဒေသတွေကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီးဖြစ်ပါတယ်။

တဖက်မှာလည်း စစ်ကော်မရှင်တပ်တွေဟာ တကျော့ပြန်ုတိုက်ပွဲစတင်ချိန်ကပင် ကုန်စည်တင်သွင်းခွင့် နဲ့ သွားလာခွင့်တွေကို ကန့်သတ်ပိတ်ပင်ထားခဲ့တာကြောင့် ဒေသအတွင်းမှာ ကုန်ဈေးနူန်းအဆင်မတန်မြင့်တက်တာ၊အလုပ် အကိုင်ရှားပါးတာတွေ နဲ့ ရင်ဆိုင်လာကြရပြီးတော့ စားဝတ်နေရေးအခက်အခဲတွေကြောင့် ဒေသမှာ ဖောက်ထွင်းခိုးယူမှုတွေ ပိုများလာနေတာဖြစ်တယ်လို့လည်း ဒေသခံတွေက ပြောဆိုကြပါတယ်။

သတင်း – ဟိန်းဆက်

4 COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here