စစ်ကော်မရှင်ထိန်းချုပ်ထားဆဲဖြစ်တဲ့ မာန်အောင်ကို MPT ဖုန်းလိုင်း ပြန်ရရှိနိုင်ရေး အတွက်လုပ်ဆောင်နေတယ်လို့ စစ်ကော်မရှင်ရဲ့ ရခိုင်ပြည်နယ် ပြောခွင့်ရ ဦးလှသိန်းက သူရဲ့ လူမှုကွန်ယက် အကောင့်မှာ ဒီနေ့ ရေးသားဖော်ပြထားပါတယ်။
ပြီးခဲ့ တဲ့ စက်တင်ဘာလကုန်ပိုင်းမှာ စစ်ကော်မရှင် ရဲ့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်အဖွဲ့တွေဟာ မာန်အောင်မြို့နယ်အတွင်းကို ရောက်ရှိလာခဲ့ကြပြီးတော့လမ်းတံတားတွေပြုပြင် စစ်ဆေးဖို့ သွားရောက်ချိန်မှာ ဖုန်းလိုင်းတွေ မရတာကိုပါ သိရှိခဲ့ရပြီးနောက်မှာ ဖုန်းလိုင်းပြည်လည် ရရှိနိုင်ရေးအတွက် ဖုန်းလိုင်းတပ်ဆင်ရေး ပစ္စည်းတွေကို မာန်အောင်ကို ပို့ဆောင်ဖို့ လုပ်ဆောင်နေပြီးဖြစ်တယ်လို့ ဦးလှသိန်းက ဆိုထားပါတယ်။
“တံတားတွေပြင်ဖို့လိုက်စစ်တုန်း တယ်လီဖုန်းရုံနှစ်ရုံတွေ့တယ်။ ဒီနေ့လိုင်းမကောင်းလို့ ဖုန်းဆက်သူနည်းတယ်တဲ့၊ MPT ဖုန်းလိုင်းတပ်ဆင်ဖို့ပစ္စည်းတွေ မာန်အောင်ပို့ရန် သင်္ဘောပေါ်ရောက်နေပါပြီ၊ မိုးလေကင်းရှင်းရင် MPT မာန်အောင်မှာ တပ်ဆင်တော့မယ်၊ အောက်တိုဘာလအတွင်းဖြစ်ပါ လိမ့်မယ် ဆက်သွယ်ရေးတော့ အဆင်ပြေတော့မယ်”လို့ ဆိုထားပါတယ်။
ရခိုင်တကျော့ပြန်တိုက်ပွဲ ဖြစ်ပွါးခဲ့တဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့နောက်ပိုင်းမှာ စစ်ကော်မရှင်တပ်တွေဟာ ရခိုင်တပြည်နယ်လုံးမှာ ရှိတဲ့ မြို့တွေကို ဖုန်းလိုင်းဖြတ်တောက်တာကိုလုပ်ဆောင်ခဲ့ပြီးတော့ မာန်အောင်မြို့နယ်မှာတော့ ၂၀၂၄ ခုနှစ် ဇူလိုင်လ ၂၅ ရက်နေ့က စတင်ပြီးတော့ စစ်ကော်မရှင်က ဖုန်းလိုင်း အင်တာနက်လိုင်းတွေကို စတင်ဖြတ်တောက်တာကို လုပ်ဆောင်ခဲ့ပါတယ်။
အဲဒီနောက်ပိုင်းမှာတော့ မာန်အောင်မြို့မှာ Mytel ဖုန်းလိုင်းတခုသာ ရံဖန်ရံခါ ဖုန်းပြောဆိုလို့ ရရှိခဲ့တာရှိခဲ့ပြီးတော့ ၂၀၂၅ ခုနှစ် နောက်ပိုင်းမှာတော့ ဘယ်ဖုန်းလိုင်းမှ ဖုန်းခေါပြောဆိုလို မရခဲ့တော့ဘူးလို့ ဆိုပါတယ်။
အဲဒီနောက် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ လောက်မှာတော့ ကြိုးဖုန်းလို့ခေါ်တဲ့ MEC ဖုန်းဆင်းကဒ်တွေကို စစ်ကော်မရှင်က အကန့်အသတ် နဲ့ထုတ်ကာ ငွေ ၁၅ သိန်းကျပ်နဲ့ ရောင်းချခဲ့တာ ရှိခဲ့ပြီးတော့ လက်ရှိမှာ အဲဒီဖုန်းတစ်ခု နဲ့သာ ပြည်တွင်းပြည်ပက မိသားစုတွေကို အဆက်အသွယ်လုပ်နေကြရတာဖြစ်တယ်လို့ ကြိုးဖုန်းလို့ခေါ်တဲ့ MEC ဖုန်းဆင်းကဒ်ဝယ်ယူထားသူ တစ်ဦးကပြောပါတယ်။
“ဖုန်းဆင်းကဒ်၂ ကဒ် ၊တိုင် ၊ ဖုန်းအခွံ ဆို ၁၅ သိန်းပေးရတယ် အဲဒါလည်း အကန့်အသတ် နဲ့ ထုတ်ပေးတာဖြစ်တယ် မာန်အောင်တစ်မြို့လုံးမှာ ဒီဖုန်းလည်း အလုံး ၂၀ ပြည့်အောင်မရှိဘူး ဒီဖုန်းတွေတောင် တခါတခါ လိုင်းမရတာတွေ ရှိသေးတယ်။ဆင်းကဒ် နှစ်ကဒ်ကလည်း တခါတလေ ဒီကဒ်လိုင်းမရရင် နောက်ကဒ်လိုင်းရတယ်။ အဲဒီလို နဲ့ ပြောင်းပြီးထည့်လို့ ပြောနေရတာဖြစ်တယ်”လို့ သူကပြောပါတယ်။
တဖက်မှာလည်း ဒီလို ဖုန်းလိုင်းတွေကို လပေါင်းရှည်ကြာ စစ်ကော်မရှင်က ဖြတ်တောက်ထားခဲ့တဲ့ အတွက် ငွေလွဲ၊ငွေပို့ လုပ်ငန်း နဲ့ အရောင်းအဝယ်လုပ်ငန်းလုပ်ကိုင်းသူတွေဟာ ငွေသွင်း ငွေထုတ်လုပ်ငန်းတွေ အတွက် အခက်အခဲ များစွာ နဲ့ ရင်ဆိုင်နေကြရတာလည်းဖြစ်ပါတယ်။
ဒီပြသာနာကို ဖြေရှင်းနိုင်ဖို့ အတွက် ဒေသခံငွေလွဲ ငွေပို့လုပ်ငန်းလုပ်ကိုင်သူတွေ နဲ့ စီပွါးရေး လုပ်ငန်းရှင်တွေဟာ စစ်ကော်မရှင်ဆီမှာ အင်တာနက် အသုံးပြုခွင့် ရဖို့ အတွက် တောင်းဆိုတာတွေ လုပ်ဆောင်ခဲ့ပြီးတဲ့ နောက်မှာတော့ မျှော်တော်ဦးရေ တပ်စခန်း နဲ့ မြို့နယ်ထွေးအုပ်ရုံးတွေမှာ အလှည့်ကျ စာရင်းပေးသွင်းကာ မိနစ် ၃၀ ကို ၁၅၀၀၀ ကျပ်စီပေးကာ ရင်ဆိုင်နေရတဲ့ ကုန်ပစ္စည်းဝယ်ယူရေး ကိစ္စ နဲ့ ငွေလွဲ ငွေပို့ ကိစ္စတွေကို ဖြေရှင်းနေကြရတာလည်း ဖြစ်တယ်လို့ ဒေသခံ တွေကပြောဆိုကြပါတယ်။