တောင်ကုတ် နဲ့ ပန်းတောင်း လမ်းတလျှောက်မှာရှိတဲ့ ရခိုင်လူမျိုး နဲ့ ချင်းလူမျိုးတွေနေထိုင်တဲ့ ကျေးရွာတွေထဲက ဒေသခံပြည်သူ ၄၀ ထက်မနည်းကို စစ်ကော်မရှင်တပ် က ဒီရက်ပိုင်း အတွင်းမှာဖမ်းဆီးသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကော်မရှင်တပ်တွေ ဒီလိုဝင်ရောက်ဖမ်းဆီးသွားတဲ့ ကျေးရွာတွေကတော့ တောင်ကုတ် နဲ့ ပန်းတောင်း လမ်းတလျှောက်က ရပ်တော်မမူကျေးရွာ၊ဒိုးနွယ်စန်းကျေးရွာ၊စလူကျေးရွာ၊ရေပေါ်ကြီးကျေးရွာ နဲ့ ပိန္နဲစန်းကျေးရွာအပါ အဝင်ရခိုင်လူမျိုးတွေ နဲ့ ချင်းလူမျိုးတွေနေထိုင်တဲ့ ကျေးရွာတွေထဲက ဒေသခံ ၄၀ ထက်မနည်းကို စစ်ကော်မရှင်က ဖမ်းဆီးသွားတာဖြစ်တယ်လို့ ဒေသခံတွေကဆိုပါတယ်။
လက်ရှိစာရင်းတွေ အရကတော့ ရပ်တော်မူရွာက ၆ ဦး၊ စလူကျေးရွာက ၄ ဦး၊ဒိုးနွယ်စန်းကျေးရွာက ၁၂ ဦး၊ရေပေါ်ကြီးကျေးရွာ က၉ ဦး နဲ့ ပိန္နဲစန်းကျေးရွာ က ၃ ဦး ၃၄ ဦး ရှိပြီးတော့ နောက်ထပ်ဖမ်းဆီးခံရသူတွေလည်း အများအပြားရှိနေဆဲ ဖြစ်တယ်လို့ ဒေသခံ တစ်ဦးက အခုလိုပြောပါတယ်။
“လက်ရှိစာရင်းတွေ အရ ကတော့ ၃၀ ကျော်ရှိပြီပေါ့ ဒီရက်ပိုင်းအတွင်းမှာ ဝင်ဖမ်းတာ အကြောင်းပြချက်မရှိဘဲဖမ်းတာ စစ်မှုထမ်းပို့မယ့်သဘောမှာတော့ရှိတယ် ဒေသခံတွေလည်းတော်တော် စိုးရိမ်နေကြတယ်။ဖမ်းသွားတဲ့ သူတွေ နဲ့ မိသားစုတွေနဲ့ တွေ့ခွင့်လည်း မရသလို ဘယ်ကိုခေါ်သွားလို့ခေါ်သွားမှန်းလည်း မသိဘူး”လို့ အဲဒီဒေသခံက ပြောပါတယ်။
တဖက်မှာလည်း အာရက္ခတပ်တော် က အမျိုးသားကာကွယ်ရေးဆိုင်ရာအရေးပေါ် NDEP ပြဋ္ဌာန်းချက်ကို ပြဋ္ဌာန်းကာ အမျိုးသားဆိုရင် အသက် ၁၈ နှစ်ကနေ ၄၅ နှစ်အထိ၊ အမျိုးသမီးဆိုရင် အသက် ၁၈ နှစ်ကနေ ၂၅ နှစ် အထိရှိသူတွေ ရခိုင်ပြည်ပြင်ပကို မထွက်ခွါကြဖို့ ထုန်ပြန်ကာထွက်ခွါတဲ့ သူတွေကို အရေးယူဆောင်ရွက်မှုတွေ လုပ်ဆောင်နေတာတွေကိုလည်း ရှိနေပါတယ်။
အာရက္ခတပ်တော် အနေ နဲ့ ဒီလို လုပ်ဆောင်နေပေမယ့် တောင်ကုတ်မြို့နယ် အတွင်းမှာ နေထိုင်နေကြတဲ့ ဒေသခံပြည်သူတွေဟာ ပြည်မဘက်ကို ဆက်တိုက်ဆိုသလို ခိုးထွက်နေကြတာတွေ ရှိနေပြီးတော့ အဲဒီလို ပြည်မဘက်ကို ခိုးထွက်လာကြတဲ့ ရခိုင်ဒေသခံပြည်သူတွေကို စစ်ကော်မရှင်တပ်က ဒီရက်ပိုင်း အတွင်းမှာ ဖမ်းဆီးခံရတာတွေလည်း များစွာရှိနေတယ်လို့ တောင်ကုတ်ဒေသခံ တစ်ဦးက ပြောပါတယ်။
“ခိုးထွက်တာတွေကတော့ နေ့တိုင်းလိုလို ရှိနေတယ် အဓိကတော့ ဒီမှာ အလုပ်အကိုင်ရှားပါးတာစားသောက်ရေး အဆင်မပြေတာ၊အေအေဆီမှာ စစ်မှုထမ်းရမှာ ကြောက်တာတွေကြောင့် ထွက်ကြတာပေါ့ ထွက်ရင်လည်းဘာမှမထူးဘူး သူတို့ စစ်ကော်မရှင်တပ်တွေဆီမှာအဖမ်းခံရပြီးတော့ စစ်မှုထမ်းသင်တန်းတွေကိုပို့နေတာပဲ ကျနော့်အမြင်ကတော့ အတွေးအခေါ်တချို့ မှားနေသလားလို့တောင် မြင်တယ်”လို့ သူကပြောပါတယ်။
စစ်ကော်မရှင်တပ်တွေဟာ ဒီလို ဖမ်းဆီးရမိတဲ့ သူတွေကို ပြန်လွတ်ပေးတာမရှိဘဲ စစ်မှုထမ်းသင်တန်းကို ပို့ပြီးတော့ ရှေ့တန်းစစ်မြေပြင်တွေမှာ စစ်တိုက်ခိုင်းတာတွေကို လုပ်ဆောင်နေတာလည်းဖြစ်တယ်တဲ့ အတွက် တောင်ကုတ်မှာ ရှိတဲ့ ဒေသခံတွေ အနေ နဲ့ မိမိနေရပ်ကိုစွန်ခွါပြီးတော့ တခြားနေရာတွေကို ထွက်ခွါတာတွေကို မလုပ်ကြဖို့ကိုလည်း အထူး လိုအပ်တယ်လို့ သူက သတိပေးပြောဆိုပါတယ်။