အာရက္ခတပ်တော် ထိန်းချုပ်မှုအောက်မှာ ရှိတဲ့ သံတွဲ နဲ့ ဂွမြို့တွေကို စစ်ကော်မရှင်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်တာ စစ်သင်္ဘောတွေကနေ လက်နက်ကြီးတွေ နဲ့ ပစ်ခတ်တိုက်ခိုက်တာတွေကို ဆက်တိုက်လုပ်ဆောင်နေတာ ရှိနေတယ်လို့ အာရက္ခတပ်တော်က ဒီနေ့ အောက်တိုဘာ ၁၀ ရက်နေ့မှာ သတင်းထုတ်ပြန်လာပါတယ်။
ဒီနေ့ အောက်တိုဘာလ ၁၀ ရက်နေ့ မနက် ၈ နာရီဝန်းကျင်လောက်မှာလည်း စစ်ကော်မရှင်တပ်ဟာ သံတွဲမြို့ အနီးပတ်ဝန်းကျင်ကို ဂျက်ဖိုက်တာ နဲ့ လေကြောင်းက ဗုံးကြဲတိုက်ခိုက်တာကို လုပ်ဆောင်ခဲ့တာ ရှိတယ်လို့ အာရက္ခတပ်တော် ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါပေမယ့် ဒီတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာ ရရှိမှု ပျက်စီးဆုံးရှုံးမှု ရှိ/မရှိ ဆိုတာကို ထည့်သွင်းဖော်ပြထားတာတော့ မတွေ့ရပါဘူး။
အဲဒီလိုပဲ အောက်တိုဘာလ (၉) ရက်နေ့ကလည်း စစ်ကော်မရှင်ဟာ သံတွဲမြို့ ၊ ငပလီကမ်းခြေ နဲ့ မျက်နှာချင်းဆိုင်မှာ အထိုင်ချထားတဲ့ စစ်သင်္ဘောတွေဆီကနေသံတွဲမြို့ပတ်ဝန်းကျင်ကို လက်နက်ကြီးတွေ နဲ့ ရမ်းသမ်းပစ်ခတ်တာတွေ ရှိသလို သံတွဲ နဲ့ တဆက်တည်းမှာ ရှိတဲ့ ဂွ မြို့ပေါ်ကိုလည်း စစ်ကော်မရှင်က Y8 ၊ Y12 လေယာဉ် တွေ နဲ့ အချိန် ၄ နာရီလောက်ထိဆက်တိုက်ပျံဝဲတာတွေကို လုပ်ဆောင်ခဲ့တာလည်း ရှိတယ်လို့ ဆိုထားပါသေးတယ်။
အဲဒီနေ့ အောက်တိုဘာလ ၉ ရက်နေ့ ညနေ ၄ နာရီ ၀၄ မိနစ်ကနေ ၄ နာရီ ၁၄ မိနစ်အတွင်း မှာလည်း ဂွမြို့နယ်၊ ပုန်းညက်ကျေးရွာရဲ့ အနောက်ဘက် မီတာ တစ်သောင်းခန့် အကွာမှာ ရှိတဲ့ စစ်ကော်မရှင်ရဲ့ စစ်သင်္ဘောတွေဆီက လက်နက်ကြီး နဲ့ ၁၁ ကြိမ်ထိ ပစ်ခတ်တိုက်ခိုက်တာကိုလည်း လုပ်ဆောင်တာ ရှိခဲ့တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ (၂၉) ရက်နေ့ နဲ့ စက်တင်ဘာလ (၄) ရက် နေ့တွေမှာလည်း စစ်ကော်မရှင်ရဲ့ စစ်သင်္ဘောတွေဆီက သံတွဲမြို့ နဲ့ ငပလီကမ်းခြေအနီးနေရာတွေကို လက်နက်ကြီးတွေ နဲ့ ရမ်းသမ်းပစ်ခတ်တာကို လုပ်ဆောင်ခဲ့တာ ရှိပြီးတော့ သံတွဲမြို့ အပါအဝင် ငပလီကမ်းခြေအနီး နဲ့ လင်းရိုးတောင်ထက်တွေ မှာ လက်နက်ကြီးကျည်တွေ ကျရောက် ပေါက်ကွဲခဲ့တာလည်း ရှိခဲ့တယ်လို့လည်း ဆိုထားပါတယ်။
စက်တင်ဘာလ အတွင်းမှာလည်း စစ်ကော်မရှင်တပ်ဟာ အရပ်သားပြည်သူတွေ နေထိုင်ရာ နေရာတွေကို လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ခဲ့တာကြောင့် အရပ်သား တစ်ဦး သေဆုံးခဲ့ရပြီးတော့ ကိုယ်ဝန်ဆောင်မိခင် တစ်ဦး နဲ့ က လေးငယ် (၁) ဦး အပါအဝင် အပြစ်မဲ့အရပ်သားပြည်သူ ၄ ဦးဟာလည်း ထိခိုက်ဒဏ်ရာ ရတာတွေ ရှိခဲ့ရပါတယ်။
စစ်ကော်မရှင် ရေတပ် စစ်သင်္ဘောတွေအနေ နဲ့ လက်နက်ကြီးတွေ နဲ့ ရမ်းသမ်းပစ်ခတ်တာတွေကို ဆက်တိုက်လုပ်ဆောင်လာနေတာတွေ ရှိနေတဲ့ အတွက် ပင်လယ်ကမ်းနီးမှာရှိနေတဲ့ မြို့၊ ရွာတွေက ပြည်သူတွေ အနေ နဲ့ စစ်ကော်မရှင် ရဲ့ ရေကြောင်းပစ်ခတ်တိုက်ခိုက်မှုကို သတိထားနေထိုင်ကြဖို့ လိုအပ်သလို လေကြောင်းတိုက်ခိုက်မှုအန္တရာယ်ကိုလည်းပြည်သူတွေ အနေ နဲ့ အထူးသတိထားကြဖို့ နဲ့ စစ်ရေးသတိအမြဲရှိဖို့ကို အာရက္ခတပ်တော်က အသိပေး တိုက်တွန်းထားပါတယ်။