လာမယ့်ရက်ပိုင်းမှာ စစ်ကော်မရှင်က ဦးဆောင်ကျင်းပမယ့် ၁၀ နှစ်ပြည့် NCA အခမ်းအနားကို မတက်ကြဖို့ NCA လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့ထဲက ၆ ဖွဲ့က UN,ASEAN နဲ့ နိုင်ငံတကာသံတမန်တွေ ကို ဒီနေ့ အောက်တိုဘာလ ၁၃ ရက်နေ့မှာ ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။
အဲဒီလို စစ်ကော်မရှင်က ဦးဆောင်ကျင်းပမယ့် ၁၀ နှစ်ပြည့် NCA အခမ်း အနားကို မတက်ကြဖို့ တောင်းဆိုလိုက်ကြတဲ့ NCA လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့ထဲက ၆ ဖွဲ့ကတော့ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ ပအိုဝ်းအမျိုးသားလွတ် မြောက်ရေးအဖွဲ့ချုပ် (PNLO)၊ မွန်ပြည်သစ်ပါတီ (NMSP)နဲ့ လားဟူ ဒီမိုကရက်တစ်အစည်းအရုံး (LDU) ဖြစ်ကြပါတယ်၊
အခုလိုတောင်းဆိုမှုကို စစ်ကော်မရှင်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က NCA လက်မှတ်ထိုးချိန်တုန်းက ပါဝင်ခဲ့တဲ့ နိုင်ငံတကာအသိသက်သေတွေဟာ အခုကျင်းပမယ့် ၁၀ နှစ်ပြည့် NCA အခမ်းအနားကို တက်ရောက်ဖို့ ရှိတယ်လို့ ထုတ်ပြောလာခဲ့ပြီးတဲ့ နောက်မှာ NCA ရေးထိုးထားတဲ့ အဖွဲ့ ၆ ဖွဲ့က နိုင်ငံတကာ အဖွဲ့တွေ အနေ နဲ့ မတက်ကြဖို့ကို တိုက်တွန်းပြောဆိုလာခဲ့တာပါ။
NCA အကောက်အထည်ဖော်မှု လုပ်ငန်းစဉ်ဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်အာဏာသိမ်းမှုစတင်ချိန်ကပင် မြန်မာစစ်တပ် အနေ နဲ့ NCA စာချုပ်ရဲ့ အနှစ်သာရအခြေခံမူတွေ နဲ့ ရည်မှန်းချက်တွေကို ပြောင်ပြောင်တင်းတင်း ဖျက် ဆီးခဲ့ပြီးပြီဖြစ်သလို လက်ရှိမှာ NCA အကောင်အထည်ဖော်မှု လုပ်ငန်းစဉ်တွေဟာလည်း စက္ကူစုတ်တစ်ခုအဖြစ် နဲ့ ရပ်ဆိုင်းသွားပြီးဖြစ်တယ်လို့ အဲဒီအဖွဲ့ ၆ ဖွဲ့က ဆိုထားပါတယ်။
လက်ရှိမှာလည်း NCA စာချုပ်အပေါ် ကျင့်ဝတ်စောင့်ထိန်းတာမရှိဘဲ အကြိမ်ကြိမ်ချိုးဖောက်ပြီးတော့ ပြည်သူလူထုကိုနေ့စဉ်ဗုံးကြဲသတ်ဖြတ်ကာ လူငယ်တွေကို အဓ္ဓမစစ်မှုထမ်း စေခိုင်းတာပြုလုပ်နေတဲ့ စစ်အုပ်စု ရဲ့ ဟန်ပြလုပ်ငန်း စဉ်တွေထဲမှာ ပူးပေါင်းပါဝင်ခြင်းဟာ မြန်မာနိုင်ငံ နဲ့ ဒေသတွင်းမတည်မငြိမ်မှုကို ဖန်တီးနေတဲ့ စစ်အုပ်စုကို ထောက်ခံရာရောက်တာလည်းဖြစ်တယ်လို့ ဆိုပါတယ်။
အဲဒါကြောင့် UN,ASEAN နဲ့ နိုင်ငံတကာသံတမန်တွေအနေ နဲ့ အခုကျင်းပမယ့် ၁၀ နှစ်ပြည့် NCA အခမ်းအနားကို မတက်ရောက်ခြင်း နဲ့ မြန်မာပြည်သူတွေ နဲ့ အတူရပ်တည်ကြောင်းကို ပြသဖို့ တိုက်တွန်းရတာဖြစ်တယ်လို့လည်း NCA ရေးထိုးထားတဲ့ အဖွဲ့ ၆ ဖွဲ့က ဆိုထားပါတယ်။
သူတို့ အဖွဲ့ ၆ ဖွဲ့ အနေ နဲ့လည်း ရည်ရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးဖြစ်ပေါ်စေရေး၊ ဖက်ဒရယ်ဒီမိုကရေစီဖွဲ့စည်းပုံအခြေခံ ဥပဒေအသစ်ရေးဆွဲနိုင်ရေးအတွက်ကို တော်လှန်တိုက်ပွဲဝင်နေကြတဲ့တော်လှန်ရေးအဖွဲ့အစည်းတွေ နဲ့ အတူ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုသစ် ထူထောင်နိုင်တဲ့အထိ သံန္နိဌာန်ချပြီးတော့ တစိုက်မတ်မတ်တိုက်ပွဲဝင်သွားမှာဖြစ်တယ်လို့လည်း ဆိုထားပါတယ်။




