
ဂွမြို့နယ်အတွင်းက စစ်ကော်မရှင်တပ်တွေ မိုင်းခွဲဖျက်ဆီးထားခဲ့တဲ့ ဆပ်သွားတံတားကို အာရက္ခတပ်တော်က ပြည်သူတွေသွားလာရေး အဆင်ပြေစေနိုင်ဖို့ အတွက်ပြန်လည်ပြုပြင် တည်ဆောက်ပေးထားခဲ့ပေမယ့် စစ်ကော်မရှင်တပ်က ဒီအောက်တိုဘာလ အတွင်းမှာ လေကြောင်းကနေတဆင့် ပြန်လည်ဗုံးကြဲဖျက်ဆီးခဲ့တဲ့ အတွက် ပျက်စီးသွားခဲ့ရတယ်လို့ ဒေသခံ တွေကပြောပါတယ်။
ဒီတံတားကို စစ်ကော်မရှင်တပ်က ပြီးခဲ့တဲ့ အောက်တိုဘာလ ၇ ရက်နေ့မှာ လေကြောင်းကနေတဆင့် ပြန်လည်ဗုံးကြဲဖျက်ဆီးခဲ့တာဖြစ်တယ်လို့ ဂွမြို့ဒေသခံ တစ်ဦးက အခုလိုပြောဆိုထားတာလည်းဖြစ်ပါတယ်။
“လေယာဉ်က အောက်တိုဘာ ၁ ရက်နေ့ကပင် ဝဲနေတာ ၇ ရက်နေ့မှာတော့ ဆပ်သွားတံတားကိုရော ပြီးတော့ ဆပ်သွားရွာကိုရော အကုန်ပျက်စီးအောင်ဖျက်ဆီးလိုက်တာပါ။အခုတံတားလည်းပြန်ပျက်သွားပြီ ရွာက အိမ်တော်တော်များများလည်းပျက်စီးသွားတယ်။လူတွေကတော့ ထိခိုက်ဒဏ်ရာ ရတာတွေတော့ မရှိဘူး။သွားလာရေး အတွက်ကတော့ တံတားပျက်သွားတော့ ချက်ခဲသွားတာပေါ့”လို့ သူကပြောပါတယ်။
ဂွမြို့သိမ်းတိုက်ပွဲစတင်ချိန်မှာ စစ်ကော်မရှင်တပ်တွေဟာ ဒီတံတားပေါ်မှာ အာရက္ခတပ်တော် ရဲ့ ထိုးစစ်ကို ခုခံနိုင်ဖို့ အတွက် စခန်းချနေထိုင်နေခဲ့တဲ့ နေရာတစ်ခုလည်းဖြစ်ပါတယ်။
အဲဒီနောက် စစ်ကော်မရှင်တပ်သားတွေဟာ အာရက္ခတပ်တော် ရဲ့ ထိုးစစ်တွေကို မခုခံနိုင်တော့တဲ့ အတွက် ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၁၄ ရက်နေ့ ညနေမှာ အဲဒီနေရာတွေကနေ တပ်ဆုတ်ထွက်ခွါခဲ့ရပြီးတော့ အဲဒီတံတားကိုပါ စစ်ကော် မရှင်တပ်တွေက မိုင်းခွဲဖျက်ဆီးထားခဲ့တာလည်းဖြစ်ပါတယ်။
အာရက္ခတပ်တော်ဟာ ဂွမြို့နယ် တစ်ခုလုံးကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၂၉ ရက်နေ့မှာ စစ်ကော်မရှင်လက်ထဲကနေ အာရက္ခတပ်တော်က အပြီးသတ်သိမ်းပိုက်ရရှိခဲ့တာဖြစ်ပြီးတော့ အဲဒီနောက်မှာတော့ အာရက္ခတပ်တော်ဟာ ဂွမြို့နယ် အ တွင်းမှာ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကိုလုပ်ဆောင်တာ ဒေသခံပြည်သူတွေ သွားလာရေး အဆင်ပြေစေနိုင်ဖို့ အတွက် ပျက်စီးနေတဲ့လမ်းတံတားတွေကိုပြန်လည်ပြုပြင်ပေးခဲ့တာလည်းဖြစ်ပါတယ်။
သတင်း – ဂူးဂူး



