မကွေးတိုင်း၊ ငဖဲမြို့နယ်၊ အမ်း-ပဒါန်းလမ်းမပေါ်မှာရှိတဲ့ စစ်ကော်မရှင်တပ်တွေရဲ့ နတ်ရေကန် လေကြောင်းရန်ကာကွယ်ရေး ဗျူဟာကုန်းကို အာရက္ခတပ်တော် နဲ့ ပူးပေါင်းတပ်တွေက အောက်တိုဘာလ ၁၄ ရက်နေ့မှာ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့တယ်လို့ စစ်ရေး သတင်းရင်းမြစ်တွေကပြောပါတယ်။
ဒီနတ်ရေကန်လေကြောင်းရန်ကာကွယ်ရေး ဗျူဟာကုန်းကို အာရက္ခတပ်တော် နဲ့ ပူးပေါင်းတပ်တွေဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ လောက်ကပင်စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပြီးတော့ ၉ လကျော်အကြာ ထိုးစစ်ဆင်တိုက်ခိုက်ပြီးတဲ့ နောက်မှာ အာရက္ခတပ်တော် နဲ့ ပူးပေါင်းတပ်တွေက သိမ်းပိုက်နိုင်ခဲ့တာပါ။
နတ်ရေကန် လေကြောင်းရန်ကာကွယ်ရေး ဗျူဟာကုန်းသိမ်းတိုက်ပွဲ အခြေ အနေ နဲ့ ပတ်သက်ပြီးတော့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးပြောတာက “စခန်းအကုန် လုံးကို မနေ့က ညနေမှာအကုန်အပြီးအစီးထိန်းချုပ်နိုင်ခဲ့ပါတယ်။စစ်သုံ့ပန်းတွေ နဲ့ အရာရှိတွေကိုလည်း တပ်တော် နဲ့ ပူးပေါင်းတပ်တွေက ဖမ်းဆီးရမိထားတယ်။နောက်ထွက်ပြေးနေတဲ့ သူတွေကိုလည်း လိုက်လံရှင်းလင်းတာတွေကို လုပ်နေပါတယ်။စစ်ကော်မရှင်ကတော့ လေကြောင်းကဆက်တိုက် လာတိုက်ခိုက်နေတာတွေတော့ ရှိနေတယ်”လို့ သူကပြောပါတယ်။
လတ်တလော သတင်းသိထားချက်အရ စစ်သုံ့ပန်းရာချီကို အာရက္ခတပ်တော် နဲ့ ပူးပေါင်းတပ်တွေက ဖမ်းဆီးရမိထားသလို လက်နက်ခဲယမ်း အမြောက်အများကိုလည်း သိမ်းဆည်းရမိထားတယ်လို့ ဆိုပါတယ်။
အဲဒီလို ဖမ်းဆီးရမိထားတဲ့ စစ်သုံ့ပန်းတွေ ထဲမှာ စစ်ကော်မရှင်အတွက်အရေး ကြီးတဲ့ အရာရှိတစ်ဦးလည်း ပါဝင်တယ်လို့ ကနဦးသိရှိထားရကြောင်း သူကဆက်လက်ပြောဆိုထားပါတယ်။
တဖက်မှာလည်း စစ်ကော်မရှင်တပ်တွေဟာ နတ်ရေကန် လေကြောင်းရန်ကာကွယ်ရေး ဗျူဟာကုန်းကျရှုံးသွားပြီဖြစ်တဲ့ အတွက် ကပစ ၁၄ ကို ကာကွယ်နိုင်ဖို့ အတွက် ခုခံစစ်တွေ ပြင်ဆင်တာရှိနေတယ်လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။
” ကပစ ၁၄ ကိုကာကွယ်ဖို့ တဲဝရွာနားမှာ စစ်တပ်က ကာကင်းတွေ ပြန်လုပ်နေတယ်။နတ်ရေကန်က ထွက်ပြေးလာတဲ့ စစ်ကော်မရှင်တပ်သားတွေကလည်း ဒီ ကပစ ၁၄ ထဲကို တချို့ရောက်လာကြပြီ ဒီမှာရှိနေတဲ့ တပ်တွေ နဲ့ ပူးပေါင်းပြီးတော့ တဲဝရွာနားမှာ ပြန်ပြင်ဆင်နေတယ်။ ၉၀၅ အမြောက်တပ်ကလည်း တပ်ကူတွေကို ဆက်တိုက်ပို့နေတယ်”လို့ အဲဒီဒေသခံကပြောပါတယ်။
လက်ရှိ အာရက္ခတပ်တော် နဲ့ ပူးပေါင်းတပ်တွေ သိမ်းပိုက်လိုက်တဲ့ နတ်ရေကန် လေကြောင်းရန်ကာကွယ်ရေး ဗျူဟာကုန်းဟာ စစ်ရေး အတွက် အရေးပါတဲ့ တပ်စခန်းတစ်ခုဖြစ်တဲ့ အတွက် စစ်ကော်မရှင်ကလည်း ဒီစခန်းကို လက်လွတ်ခဲ့ရတဲ့ အတွက် ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်တာမျိုးတွေကို လုပ်ဆောင်လာနိုင်လို့လည်း သုံးသပ်မှုတွေ ရှိနေကြပါတယ်။
အာရက္ခတပ်တော် နဲ့ စစ်ကော်မရှင်တို့ရဲ့ တကျော့ပြန်တိုက်ပွဲဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၃ ရက်နေ့ကပင် စတင်ဖြစ်ပွါးခဲ့တာဖြစ်ပြီးတော့ အာရက္ခတပ်တော် အနေ နဲ့ ရခိုင်က မြို့နယ် ၁၄ မြို့နယ်ကိုအပြီးသတ်သိမ်းပိုက်ထားနိုင်ပြီလည်းဖြစ်ပါတယ်။
သတင်း – မြတ်သူ ။




